ကိုဗစ်ကူးစက်ခံရသူများအတွက် အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်ပေးထားသည့် Waiting စင်တာများမှာ ကိုဗစ်ကူးစက်ခံထားရသူများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ဆေးရုံတင်ကုသမှုပေးနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်း ထံမှ သိရသည်။
Waiting စင်တာများသည် ဆေးရုံတင် မကုသမီ Booking တင်ထားစဉ်စောင့်ဆိုင်းနေရသည့် နေရာများဖြစ်ပြီး စောင့်ဆိုင်းဆဲ လူနာများ၏ ၂၀ ရာ ခိုင်နှုန်းခန့်ကိုသာ ဆေးရုံသို့ပို့ဆောင်ပေးနိုင်ကြောင်း သိရသည်။
“ ဆေးရုံတွေမှာက လူနာကပြည့်နေတာ။ ဆေးရုံမှာထားနိုင်မယ့်လူနာအရေအတွက်၊ ဆေးရုံဆင်းခွင့် ရတဲ့လူနာ၊ ထပ်တိုးလာတဲ့လူနာက မမျှဘူးလေ။ Waiting စင်တာထားလည်း ထားတာဘဲရှိမယ်” ဟု မွန်ပြည်နယ် ကျန်းမာရေးဝန်ထမ်းတဦးက MPA သို့ ပြောသည်။
Waiting စင်တာများတွင် စောင့်ဆိုင်းနေသည့်လူနာများအား အောက်စီဂျင် ထားပေးထားသော်လည်း လောက်ငှမှုမရှိ၍ အလှည့်ကျရှူနေရကြောင်း သိရသည်။
“ ဒီWaiting စင်တာမှာက လူနာတွေလက်ခံပြီး ဆေးရုံ မပို့နိုင်တော့ နဂိုကထားထားတဲ့ အောက်စီဂျင်တွေကလည်း အပြည့်အဝမဟုတ်ဘူး။ အဲ့ဒီထဲကမှ အောက်စီဂျင် လိုတဲ့သူတွေကို အလှည့်ကျပေးနေရတယ်” ဟု ရန်ကုန်တိုင်းရှိ ကုသရေး ဆရာဝန်တဦးက ဆိုသည်။
နိုင်ငံတဝှမ်း ပြည်သူ့ဆေးရုံများအနေဖြင့် ကိုဗစ်ရောဂါဖြင့် သေဆုံးနေသူများတွင် ၅ ဦးလျှင် ၁ ဦးသာသေဆုံးခြင်းအား အတည်ပြုနိုင်ပြီး နေအိမ်တွင် သေဆုံးသူများ၏ စာရင်းများထည့်သွင်း ခြင်းမရှိကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း စစ်ကောင်စီမှ ပြုလုပ်သည့် Waiting စင်တာများ စတင် ထားရှိစဉ်ကလည်း မြေပြင် အခြေအနေအရ ကူးစက်မှုအဆမတန် မြင့်တက်ခြင်းဖြစ်ပေါ်နေ၍ ထူးခြားမှုမရှိနိုင်ကြောင်း ရန်ကုန်မြို့ ပရဟိတအသင်းများက သုံးသပ်ပြောဆိုထားသည်။
#Waitingစင်တာ #စစ်ကောင်စီ #COVID19 #MPA