နေပြည်တော်နယ်မြေအတွင်း ကိုဗစ်အတည်ပြုလူနာများကို ထားရှိကုသပေးသည့်နေရာ ၁၄ခုတွင် ဇူလိုင်လ ၂၆ရက်နေ့အထိ ထပ်မံကုသပေးနိုင်သည့်လစ်လပ်နေရာ ၁,၀၀၀ ကျော် ရှိနေကြောင်း စစ်တပ်လက်အောက်ခံနေပြည်တော် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စာရင်းများအရ သိရသည်။
နေပြည်တော်နယ်မြေအတွင်း ကိုဗစ်အတည်ပြုလူနာ ၈,၀၀၀ နီးပါးရှိနေပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏မိသားစုဝင် အများအပြားကူးစက်ခံထားရကာ ၄င်းတို့ကို နေအိမ်တွင်ပင် ကုသခွင့်ပြုထားကြောင်း သိရသည်။
” ဆေးရုံမှာကုလို့မရဘူး။ အိမ်ထဲဘဲ Homeကွာရန်တင်းနဲ့နေပြီးကုခိုင်းတယ်။ ရောဂါပြင်းထန်လာရင် အကြောင်းကြားပေါ့။ ကူးနေတာက ကိုယ်တယောက်ထဲလည်း မဟုတ်ဘူးလေ။ အများလည်း ဒီတိုင်းဘဲဆိုတော့ စောဒကတက်လို့မရဘူး။” ဟု နေပြည်တော်ရဲတပ်ဖွဲ့မှ မိသားစုဝင်တဦးက MPAသို့ပြောသည်။
ထို့ပြင် နေပြည်တော်အတွင်း သံသယလူနာများ ထားရှိသည့် ကွာရန်တင်းစင်တာများဖြစ်သည့် ဟိုတယ်များနှင့် စစ်တပ်တည်းခိုရိပ်သာတို့တွင်လည်း လူ ၁,၅၀၀ ကျော် ထပ်မံ၍ ကွာရန်တင်း ထားရှိနိုင်ကြောင်း စစ်တပ်လက်အောက်ခံနေပြည်တော် ကိုဗစ် ကာ၊ထိန်း၊ကု ကော်မတီက ထုတ်ပြန်ထားသည်။
နေပြည်တော်အတွင်း COVIDရောဂါပိုး ကူးစက်မှု နှင့် သေဆုံးမှုနှုန်းမြင့်တက်နေပြီး ဇမ္ဗူသီရိမြို့ နယ်တွင် အတည်ပြုလူနာ ၂,၀၀၀ ကျော် ဖြင့် အများဆုံးဖြစ်ကာ ယင်းမြို့အပါအဝင် ပျဥ်းမနားမြို့ ၊ လယ်ဝေးမြို့တို့အား Stay at Home အဖြစ် သတ်မှတ်ထားသည်။
နေပြည်တော်နယ်မြေအတွင်း စစ်တပ်မှ Oxygen Plantများ တည်ဆောက်ပေး ထားပြီး ဆေးရုံအများအပြားတွင် ကုသမှုများ ပေးနေသော်လည်း ကူးစက်မှုနှုန်းနှင့်သေဆုံးနှုန်း လျော့ကျခြင်း မရှိသေးကြောင်း သိရသည်။