ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းသည် ရန်ကုန်မြို့ရှိ စစ်ဆေးရုံ တခုတွင် ဆေးကုသမှု ခံယူခဲ့ပြီးနောက် ၄င်းအား ဖမ်းဆီးထိန်း သိမ်းထားသည့် နေရာသို့ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း စစ်တပ်ဆရာဝန် အသိုင်းအဝိုင်းက သိရသည်။
ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းသည် ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အတွင်း မဂ်လာဒုံ တပ်မတော် အသည်းအထူးကု ဆေးရုံ(ကုတင်- ၃၀၀)သို့ ဆေးရုံတက်ရောက် ကုသခဲ့ကြောင်း စစ်တပ်ဆရာဝန်တဦးက MPA သို့ အတည်ပြုပြော ဆိုသည်။
ဦးဖြိုးမင်းသိန်းသည် မည်သည့်ရောဂါဖြင့် ဆေး ရုံတက်ရောက် ကုသမှုခံယူသည်ကို အတည်မပြုနိုင်သော်လည်း ယင်းစစ်ဆေးရုံသည် COVID ကူးစက်ခံထားရသည့် စစ်တပ် အရာရှိကြီးများအား သီးခြား ကုသပေးနေသည့် ဆေးရုံဖြစ်ကြောင်း သိရသည်။
ဆေးကုသမှုခံယူပြီးနောက် ပြန်လည်သက်သာလာသဖြင့် ၄င်းအား ဖမ်းဆီးထိန်းသိမ်းသည့် နေရာသို့ ပြန်လည် ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။
ဦးဖြိုးမင်းသိန်းသည် မေလအတွင်း စစ်ကောင်စီ ၏ သတင်းစာရှင်းလင်းပွဲတွင် ယခင် NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန်ယူစဥ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်ဒေါ်လာ ၆ သန်းအား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ၄င်းကိုယ်တိုင်ပေးခဲ့သည်ဟု အကြမ်းဖက် စစ်ကောင်စီထံ ထုတ်ဖော်ပြောဆိုထားသည့် ရုပ်သံတခု အဆိုပါပွဲတွင် ပြသခဲ့သည်။