By MPA
ရန်ကုန်မြို့၊ မြို့နယ်အားလုံး၏ ပြည်သူ့ဆေးရုံများတွင် ကိုဗစ်လူနာများဖြင့်ပြည့်နေသဖြင့် နေ့စဥ်တိုးမြင့်လာသည့် ကိုဗစ်လူနာများအား ဆေးကုသပေးနိုင်ရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း အကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားသည့် ရန်ကုန်တိုင်း စစ်ကောင်စီ ဥက္ကဌ ဦးလှစိုးက ၄င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ဝန်ခံရေးသားထားသည်။
ယင်းသို့ အခက်အခဲဖြစ်ပေါ်နေသဖြင့် ၄င်းတို့အနေဖြင့် ကုသရေးစင်တာများတိုးချဲ့နေပြီး ထပ်တိုးလာသည့် အတည်ပြုလူနာများအနေဖြင့် ဆေးရုံတက်ရောက်ကုသရန် Booking တင်ရမည်ဖြစ်ပြီး Waiting listတွင်ထည့်သွင်းထားမည်ဖြစ်ကာ စောင့်ဆိုင်းပေးရမည်ဖြစ်ကြောင်း ၄င်းက ရေးသားဖော်ပြထားသည်။
ရန် ကုန်တိုင်းအတွင်း ဆေးရုံတင်ကုသနိုင်ရန် ဆေးရုံသို့မပို့ဆောင်မီ Waiting Center များ ပြုလုပ်ထားပြီး ကိုဗစ်အတည်ပြုလူနာများအနေဖြင့် ယင်းစင်တာတွင် Waiting list ဖြင့် စောင့်ဆိုင်း နေရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယင်းကဲ့သို့ စောင့်ဆိုင်းရမည့် Waiting စင်တာ ၄ ခု ထားရှိမည်ဖြစ်ပြီး လူနာ ၂,၀၀၀ ခန့် စောင့်ဆိုင်း နေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ စီစဥ်ထားသော်လည်း ရန်ကုန်မြို့အတွင်း မြေပြင်တွင် တိုးမြင့်လာသည့် ကိုဗစ်ကူးစက်ခံရမှုသည် နေ့စဥ်နှင့်အမျှ သောင်းနှင့်ချီရှိနေသဖြင့် ထူးခြားမှုမရှိနိုင်ကြောင်း သိရသည်။
“ ခုကျနော်တို့ လူနာတွေကိုဆေးရုံတွေပို့ရင် ဆေးရုံတွေက ဟိုဆေးရုံလွှဲ ဒီဆေးရုံလွှဲတွေနဲ့ မြို့သာနှံ့သွားတယ် ပို့မရလို့ ဒီတိုင်းပြန်လာရတယ်။ ရန်ကုန်မြို့ကူးစက်မှုနှုန်းနဲ့သူတို့ ထားနိုင်မယ့် အရေအတွက်က သိပ်တော့ထူးခြားမယ်မထင်ဘူး။ “ ဟု ရန်ကုန်မြို့အခြေစိုက် ပရဟိတအသင်းတစ်ခု၏ တာဝန်ရှိသူတဦးက MPAသို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ကိုဗစ်ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ဆရာဝန် ၊ သူနာပြု နှင့် Volunteers များမလုံလောက်သဖြင့် CDM ဆရာဝန်များ ဆေးရုံသို့ပြန်လာရန်ဖိတ်ခေါ်ထားခြင်းကို MWD ရုပ်သံလိုင်းမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
Waitingစင်တာများထားရှိခြင်းသည် ရောဂါ ထိန်းချုပ်နိုင်မည့်အဖြေမဟုတ်ဘဲ သံသယလူနာ များနှင့် ထိတွေ့လူနာများအား စစ်ဆေးပေးနိုင်ခြင်း မရှိ၍သာ ယခုကဲ့သို့ အခြေအနေဆိုးရွား လာခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် နေထိုင်သူတဦးက MPAသို့ ပြောသည်။
” Waitingစင်တာ ဆိုတာက ရန်ကုန်မြို့အခြေ အနေနဲ့ ဘာမှအသုံးမဝင်ဘူး။ သူတို့ထုတ်ပြန်တဲ့ စာရင်းက သူတို့စစ်နိုင်သလောက် တနိုင်ငံလုံး တရက်ကို ၁၀,၀၀၀ ကျော်လောက်စစ်ပြီး ၅,၀၀၀ ကျော်လောက် တွေ့တယ်ဆိုပြီး ထုတ်ပြန်နေတာ။ ရန်ကုန်မှာတင် ကိုဗစ်ဖြစ်နေတဲ့လူနာတွေက မြို့တဝက်လောက်ရှိနေပြီ။ သူတို့ဥာဏ်မီသလောက်လုပ်တယ်လို့ဘဲထင်ပါတယ်။ ခုက စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှုနဲ့လုပ်နေတာမျိုး မဟုတ်ဘဲနဲ့ ပရဟိတလုပ်ငန်းလုပ်သလို ကူညီပေးမဲ့ပုံစံမျိုးလောက်ပါဘဲ။ ” ဟု ၄င်းကပြောသည်။
စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ ကိုဗစ်ကူးစက် မှုနှင့်သေဆုံးမှုအား ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် ကူးစက်ခံရသည့်လူနာများနှင့် သေဆုံးလူနာများအား စာရင်းထိန်ချန်၍ ထုတ်ပြန်နေသဖြင့် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်–၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်နှင့် သေဆုံးသူ ၆,၇၅၆ ယောက်ထိ ရှိလာခဲ့ပြီး စစ်ကောင်စီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်ညတွင် ထုတ်ပြန်သည့်စာရင်းများအရသိရသည်။
#COVID19 #ရန်ကုန်တိုင်း#စစ်ကောင်စီ #Waitingစင်တာ #MPA