အကျဉ်းထောင်အတွင်း လုံလောက်စွာ ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့သည့်အတွက် တစ်လအတွင်း နိုင်ငံရေးအကျဉ်း သား(၄)ဦး အထိ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ ယမန်နေ့(ဇန်နဝါရီ ၂၆ရက်)က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်တွင် မကွေးအကျဉ်းထောင်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးနှင့် ဇန်နဝါရီ ၂၅ ရက်တွင် လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင်တစ်ခုမှ အမျိုးသားတစ်ဦး အပါအဝင် စုစုပေါင်း (၄)ဦးအထိ ရှိလာကြောင်း သိရသည်။
“ အရင်နှစ် ၂၀၂၃ခုနှစ် အတွင်းမှာ နိုင်ကျဉ်း ၁၇ ဦးအထိ သေဆုံးခဲ့တယ်။ကျန်းမာရေးမကောင်းတာကနေ စပြီးဖြစ်တယ်။ တချို့ကျလည်း ဆေးမှားလို့ သေဆုံးခဲ့ရတာ ရှိတယ်။ ထောင်ထဲမှာက ကျန်းမာရေးအခြေအနေတွေက ပိုပိုပြီး ဆိုးဝါးလာတယ်။ ဆိုးဝါးလာတဲ့အခါမှာလည်း ပြင်ပဆေးရုံတွေကို အချိန်နဲ့ တပြေးညီ မပို့ခဲ့ဘူး။ အဲဒီလို အချိန်မမီခဲ့တာတွေ၊ လုံလောက်စွာ ဆေးဝါးစောင့်ရှောက်မှုမရခဲ့လို့ သေဆုံးခဲ့ရတာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် နိုင်ငံရေးအကျဉ်းသား ၄ ဦး သေဆုံးခဲ့ရပြီး ယခု ဇန်နဝါရီလတွင်လည်း နိုင်ငံရေးအကျဉ်းသား ၄ဦးအထိ သေဆုံးခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က အကျဉ်းထောင်းအတွင်း နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုနှင့် ပက်သတ်ပြီး သတင်းများ ထောင်ပြင်ပသို့ ပေါက်ကြားပါက နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များနှင့် နီးစပ်သူများအား ဖမ်းဆီး အရေးယူရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။
“ ကျတော်တို့ ဒီတစ်ခေါက် ထုတ်ပြန်ချက်မှာဆိုရင် သေဆုံးခဲ့ရတဲ့ နိုင်ကျဉ်းတွေရဲ့ ဖြစ်စဉ်နဲ့ အကြောင်းတွေကို အသေးစိတ် ဖော်ပြမထားပါဘူး။ ဘာလို့လဲဆို အကျဉ်းထောင်အတွင်းက သတင်းတွေ အပြင်ကို ပေါက်ကြားလာရင် နိုင်ကျဉ်းမိသားစုဝင်တွေနဲ့ နီးစပ်သူတွေကို ဖမ်းဆီးဖို့အထိ ဖိအားပေး ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်။ ဒါကိုလည်း ထောင်အာဏာပိုင်တွေကနေ ထောင်ဝန်ထမ်းအရာရှိတွေကို နှုတ်မိန့်နဲ့ ညွှန်ကြားကြောင်းကို အကျဉ်းထောင်နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိထားရလို့ပါ “ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် (၂၀၂၃ခုနှစ်)မှ ယနေ့ (ဇန်နဝါရီ ၂၇ရက်) အထိ အကျဉ်းထောင်အတွင်း လုံလောက်စွာဆေးဝါးစောင့်မှုမရရှိမှုကြောင့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၁)ဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။