ရှမ်း – ကယားနယ်စပ်၊မိုးဗြဲမြို့အနောက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယနေ့နံနက် ၉နာရီ ၅၇မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေးစင်းဖြင့် ကယန်းပြည်သစ် လုံခြုံရေးဂိတ် ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မိုးဗြဲမြို့နေ ပြည်သူတစ်ဦးက ပြောသည်။
“ ဒီနေ့မနက်က ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို ဗုံးကြဲချတာ။ဂျက်လေယာဉ်လေးစီးနဲ့။ဂိတ်ကတော့ တစစီဖြစ်သွားတယ်။ကယန်းပြည်သစ် ရဲဘော်တွေ ထိခိုက်မှုရှိတယ်။ဒါစစ်ကောင်စီက အဲ့နေရာကို ပထမဆုံးကြဲတာ” ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်တပ်မတော် အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
“ အခုထိ သူတို့ဘက်က မထုတ်ပြန်သေးဘူး။ကယန်းပြည်သစ် ရဲဘော်ထိခိုက်မှု ရှိ၊မရှိကိုလည်း အတည်မပြုသေးဘူး။အခု ကယားပြည်နယ်ထဲမှာ စစ်တပ်က ဂျက်လေယာဉ် ၆စီးလွှတ်ထားတယ်။အားလုံးပေါင်းဆယ်စီးပေါ့။အသံတွေဆူညံနေလို့ ပျက်ကျတယ်ထင်ပြီးတောင်စောင်းကနေထွက်ကြည့်တာ အုပ်လိုက်ပဲ။အခုထိတော့ ဗုံးထပ်ကြဲတာ မရှိသေးဘူး” ဟု KA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကယန်းပြည်သစ်တပ်ဖွဲ့ဝင်များ ထိခိုက်မှု အခြေအနေကို MPA အနေဖြင့် အတည်မပြုနိုင်သေးပေ။
ကယန်းပြည်သစ်တပ်မတော်သည် ယနေ့အချိန်ထိ စစ်ကောင်စီကို တော်လှန်နေသော ကရင်နီတော် လှန်ရေးအင်အားစုများနှင့် တရားဝင်ပူးပေါင်းတိုက်ပွဲဝင်ခြင်းမရှိသေးသလို စစ်ကောင်စီနှင့်လည်း ပူးပေါင်းခြင်းမရှိဘဲ သီးခြားရပ်တည်လျက်ရှိသည်။