စစ်ကိုင်းတိုင်း ၊မုံရွာမြို့ပေါ်ရှိ လဝကရုံးဟောင်းတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့် သေဆုံးကြောင်း Chindwin Attack Force က ထုတ်ပြန်သည်။
ယနေ့ နေ့ခင်း ၁၁နာရီ ၄၅ မိနစ်အချိန်ခန့်က မုံရွာမြို့၊ ညောင်ပင်စောက်ရှိ လဝက ရုံးဟောင်းတွင် တပ်စွဲနေသော အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်သားများကို PDF တပ်ဖွဲ့ များက လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ၁၅ မိနစ်ခန့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ရဲ့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က အရင်ဆုံး ဘယ်နေရာမှာ စစ်သားတွေရှိတယ် ဆိုတာ အရင်ဆုံး အတည်ပြုပေးပါတယ်။ ကျနော်တို့က လက်နက်ကြီးတွေနဲ့ အရင်ဆုံး စပစ်ပြီးမှ လက်နက်ငယ်တွေနဲ့ဝိုင်းပစ်ကြတာပါ။ စစ်သား ၁၅ ယောက် ဝန်းကျင် သေပါတယ်။ အလောင်းတွေကို ၁ နာရီကျော်မှ လာကောက်တယ်လို့သိရတယ်။ကညန ရုံးနဲ့ “ရေဦး”ဆန်ဆိုင်ဘေးနားက ဆောက်လက်စတိုက်မှာ တပ်စွဲနေတဲ့ကောင်တွေ စစ်ကူရောက်လာတာနဲ့ ကျနော်တို့ အားလုံး ပြန်ဆုတ်ခွာလာခဲ့တာ”ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်( Chindwin Attack Force)တပ်ရင်း၂၊၃၊၄ မှသတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကပြောသည်။
ရောက်ရှိလာသောစစ်ကူများသည် ပတ်ဝန်းကျင်အနီးတဝိုက်ကို အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့ရာအရပ်သား ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။
“သေနတ်သံတွေကတော့ ဆူညံနေတာပဲ။စစ်သားတွေ သေတယ်လို့လို့လည်းကြားတယ်။စစ်သားတွေက ရမ်းပစ်လို့ လမ်းသွားလမ်းလာ အရပ်သား ၂ ဦးသေတယ်လို့လည်းကြားတယ်။၂ ယောက်မကဘူးလို့လည်းကြားတယ်။ညောင်ပင်စောက် ကပြည်သူတွေလည်း မနေရဲတော့ပဲ ပြေးကုန်ကြတော့ ကျနော်တို့လည်း ဒီထက်ထပ်ပြီးသတင်းမရတော့ဘူး”ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။
စစ်သားများ သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါတိုက်ခိုက်မှု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်( Chindwin Attack Force)တပ်ရင်း-၂၊တပ်ရင်း-၃၊တပ်ရင်း-၄ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys)၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်( Chindwin Attack Force)တပ်ရင်း-၁၊တပ်ရင်း-၂၊တပ်ရင်း-၄ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)တပ်ရင်း-၄၊တပ်ခွဲ(၃)၊မ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်( Chindwin Attack Force)တပ်ရင်း-၄၊တပ်ခွဲ(၅) 5/Teachers People Defense Force-PDF၊ယင်းမာပင်ခရိုင် တပ်ရင်း-၂၈(ဓားမဆိုင်းတပ်မတော်)၊မုံရွာခရိုင်တပ်ရင်း-၁၁ PDF-South Monywa၊Spring Dove နှင့် ယက္ခညီနောင်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။