စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အသက် ၇၀ အရွယ်ရှိ သီလရှင်တစ်ပါးကို စစ်ကောင်စီတပ်က မီး ရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းရှိ လက်ပံလှရွာကို ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး သီလရှင်ဆရာလေးအား နေအိမ်အတွင်း မီးရှို့သတ်ဖြတ်ခံထားရသည်ကို တွေ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“ဆရာလေးက အသက်ကြီးလို့ မပြေးလွှားနိုင်တာရော သီလရှင်ဆိုတော့ မသတ်လောက်ဘူးလို့ တွက်ပြီးကျန်ခဲ့တာ။မနေ့ကမှ စစ်ကြောင်းထိုးနေတဲ့ကောင်တွေ မြို့ပေါ်ပြန်တက်သွားပြီဆိုတာနဲ့ ရွာထဲဝင်ကြတော့ မီးရှို့ခံထားရတာ တွေ့ရတာ”ဟု ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
လက်ပံလှရွာက ပြည်သူပိုင်နေအိမ် ၂၅၀ ကျော်ကို စစ်တပ်က မီးလောင်ဗုံးနှင့်ရေနံဆီမီးစာများသုံးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ကဆိုသည်။
“လက်ပံလှက ခန့်မှန်းခြေအနေနဲ့ အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ရွာပါ။ အခုကတော့ အိမ်နည်းနည်းပဲကျန်တော့တယ်။မိုးပြိုနေတာဆိုတော့ ကံပါပဲ။ ကျွန်တော်တို့ဒေသခံတွေလည်း အသက်မသေရင်ပြီးရော ကျန်တာကတော့ ကံလို့ပဲ သဘောထားကြတယ်”ဟု ၎င်းကပြောသည်။
အဆိုပါစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ချောင်းဆုံကျေးရွာကို မီးတင်ရှို့ခဲ့ရာ တောတိုက်များပါကူစက်၍ ယမန်နေ့ကအထိ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင်စစ်ကောင်စီတပ်လက်ချက်ဖြင့် ကျဆုံးရဲဘော်နှင့် ပြည်သူပေါင်း ၂၅၀နီပါး ရှိလာပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး ကထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့အထိ ကျေးရွာပေါင်း ၆၆ ရွာကနေအိမ် ၄၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူတစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ စစ်ကြောင်းသည် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှ စတင်ကာ ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကြောင်းထိုးခဲ့ကာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့အထိ ကျေးရွာ ၇ ရွာကို မီးရှို့ခဲ့ပြီးနောက် ယမန်နေ့က ခင်ဦးမြို့ပေါ်သို့ ပြန်တက် သွား ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီ၁၃ရက်နှင့် ၁၄ရက်တို့တွင် လောင်းရှည်ကျေးရွာက နေအိမ် ၂၀၀ကျော်၊ စပါးတင်းရေထောင်ချီနှင့် ဆန်စက်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖေဖေါ်ဝါရီ ၁၃ ရက်နေ့တွင် လက်ပံလှကျေးရွာကနေအိမ် -၂၀၀ကျော်နှင့် စပါးတင်းရေ ထောင်ချီ၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် မင်းကံကြီးကျေးရွာက နေအိမ်-၃၃လုံးနှင့် ကွမ်းတိုင်းကျေးရွာက နေအိမ်၁လုံး ၊ဖေဖေါ်ဝါရီ၁၁ရက်နေ့တွင် သနပ်စိန်ကျေးရွာက မီးဘေးသင့်ပြည်သူများ၏ ယာယီတဲ၂လုံးနှင့် စောကြီးကျေးရွာက မီးဘေးသင့်ပြည်သူများ၏ယာယီတဲများအပါအဝင် နေအိမ်၁၁လုံးတို့ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။