အကြမ်းဖက်မြန်မာစစ်ကောင်စီက ပူးတွဲဥက္ကဌအဖြစ် ဦးဆောင်မည့် အာဆီယံ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးမှ နယူးဇီလန်နိုင်ငံ နှုတ်ထွက် သွားပြီဖြစ်ကြောင်း Justice For Myanmar က ယမန်နေ့တွင် ထုတ်ပြန်အသိပေးသည်။
ယင်းအစည်းအဝေးတွင် ရုရှားနိုင်ငံနှင့် မြန်မာအကြမ်းဖက်စစ်ကောင်စီက ပူးတွဲဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး ယခုလ ဇူလိုင် ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Justice For Myanmar က နောက်ထပ် ကျန်ရှိသေးသော နိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်ပြည်ထောင်စုတို့အနေနှင့်လည်း ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့ကဲ့သို့ ဆုံးဖြတ်ချက်များ ချရန် တိုက်တွန်းထားသည်။ တောင်ကိုရီးယားနိုင်ငံက တက်မတက် အခြေအနေနှင့် ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ၊ NUG ကိုယ်စားလှယ်ထံ MPA မှ ဆက်သွယ်စုံစမ်းရာ ယင်းနှင့် ပတ်သက်၍ မသိရှိသေးကြောင်း ဖြေကြားသည်။
Justice For Myanmar က “အာဆီယံရဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအစည်းအဝေးကနေ နှုတ်ထွက်ဖို့ နယူးဇီလန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ကြိုဆိုပါတယ်။ ဒီလိုနှုတ်ထွက်မှုက အကြမ်းဖက် မြန်မာစစ်ကောင်စီကို တရားဝင်မှု ဆက်ပြီးပေးအပ်နေတဲ့ အာဆီယံနဲ့ သူ့ရဲ့ အခြားသောဆွေးနွေးဘက် မိတ်ဖက်တွေအတွက် ကျယ်လောင်တဲ့ သတင်း စကားတစ်ရပ်အဖြစ် သတ်မှတ်ကြဖို့ဖြစ်ပါတယ်”ဟု အသိပေးထားသည်။
ဆက်လက်ပြီး အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိတွင် မြန်မာ့အရေးနဲ့ပတ်သက်၍ အာဆီယံရဲ့ ဘုံသဘောထား ငါးရပ်ကို လစ်လျူရှုထားသည့်အပြင် လေကြောင်း တိုက်ခိုက်မှုများ၊ ဗုံးကျဲ တိုက်ခိုက်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများ၊ မုဒိန်းမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုတွေအပါအဝင် ဆိုးရွားပြင်းထန်တဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို ရပ်တန့်အောင်လုပ်ရန် ပျက်ကွက်ခဲ့သည်ဟု Justice For Myanmar က ထုတ်ပြန်သည်။