အိမ်ခြေ ၁၆၀ ကျော်မီးလောင်ကျွမ်းခဲ့သည့် ထန်တလန်မြို့၏ အဖြစ်အပျက်များသည် မြန်မာတနိုင်ငံလုံး မျက်ဝါးထင်ထင်မြင်တွေ့ရသည့် အကြမ်းဖက်စစ်တပ်၏ လက်ရှိ ဆိုးယုတ်မှုပေါင်း များစွာများအနက်မှ တစ်ခုသာ ဖြစ်သည်။
ထန်တလန် အဖြစ်အပျက်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာမှု ကင်းမဲ့လှသော အကြမ်းဖက်မှု တစ်ခုလည်း ဖြစ်သည်။
တကယ်တမ်းတွင်မူ ထိုသို့သော အဖြစ်အပျက်များသည် စစ်အာဏာသိမ်းမှု ပြီးမှ ပထမဆုံး ဖြစ်ပေါ်လာသည့် အဖြစ်အပျက်တော့လည်း မဟုတ်ပေ။
အလားတူ သို့မဟုတ် ထို့ထက် ပိုမိုဆိုးရွားသော အဖြစ်အပျက်များသည် မြန်မာနိုင်ငံတွင် ထပ်တလဲလဲ ဖြစ်ပျက်နေခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားနယ်မြေများနှင့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု မခံထားရသည့် လူမျိုးစုများအပေါ်တွင် အကြမ်းဖက် စစ်တပ်သည် အညှာအတာကင်းမဲ့စွာဖြင့် ကျူးလွန်လေ့ရှိသည့် ပုံမှန်စစ်ရာဇဝတ်မှု တစ်ခုသာဖြစ်သည်။
ယခင်အချိန်များစွာက သတင်းအချက်လက် နည်းပညာမထွန်းကားခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ယင်းသို့သော စစ်ရာဇဝတ်မှုများကို ဖုန်းကွယ်ပစ်ခဲ့သည်။
ရွာလုံးကျွတ်မီးရှို့ခံရခြင်း၊ လူပေါင်းများစွာ ရိုက်နှက်နှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းတို့သည် တိုင်းရင်းသား များတွင် နိစ္စဓူဝ ဖြစ်ပျက်နေသော အဖြစ်အပျက်များ ဖြစ်ခဲ့သည်။
တိုင်းရင်းသားဒေသအသီးသီးရှိ လူမျိုးစုများမှာ လက်နက်ကိုင်ပဋိပက္ခများကို အကြောင်းပြုပြီး အမြဲလိုလို စစ်ရာဇဝတ်မှုများ၏ သားကောင်ဖြစ်ခဲ့ရသည်။
အကြမ်းဖက်စစ်တပ်နှင့် စစ်တပ်အကြီးအကဲများသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် တိုင်းရင်းသား ပဋိပက္ခများကို နှစ်ပေါင်းများစွာ အသုံးချခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးစသည့် အကြောင်းပြချက်များဖြင့် တိုင်းရင်းသားနယ် မြေများတွင် စစ်ရာဇဝတ်မှုများကို ပုံမှန်ကျူးလွန်ပြီး တိုင်းရင်းသားများ၏ အမုန်းတရားကို မြေသြဇာချစိုက်ပျိုး ခဲ့သည်။
ယင်းကြောင့်ပင် တိုင်းရင်းသားအများစုတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် နာကြည်းချက်များ ရှိနေခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနှင့် သဘာဝသယံဇာတများ ညီမျှစွာ ခွဲဝေပေးအပ်ရေးစသည်တို့ဖြင့် လက်နက်ကိုင် တော်လှန်မှုများ အဓွန့်ရှည်လာကာ နှစ်ပေါင်း ၇၀ ကျော်ကြာအောင် ပြည်တွင်းစစ်မီးများ တောက်လောင်ခဲ့ခြင်း လည်းဖြစ်သည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ရေးဆွဲထားသည့် အခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးဟု သတ်မှတ်မခံထားရသည့် လူမျိုးစုများလည်း ရှိနေသည်။ ယင်းတို့အနက် ရိုဟင်ဂျာများ အပါအဝင်ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် ယင်းသို့ ရက်စက်စွာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့်တိုင် ဘာသာရေး၊ အမျိုးသားရေး ခေါင်းစဉ်များဖြင့် ဖုံးကွယ်လှည့်ဖျားခဲ့သည်။
ဆိုခဲ့ပါ နမူနာများအရ ပြီးခဲ့သည့်နှစ်များအထိ စစ်တပ်၏ စစ်ရာဇဝတ်များကို ဖုံးကွယ်လှည့်စားမှုများသည် အထိုက်အလျောက် အောင်မြင်ခဲ့သည်ကို သမိုင်းကြောင်းသက်သေများအရ မလွဲ မသွေဝန်ခံရမည်လည်း ဖြစ်သည်။
သို့သော်လည်း ယခုတကြိမ် ထန်တလန်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုသည် အကြမ်းဖက်စစ်တပ်၏ ပုံမှန်ကျူးလွန်နေကြ စစ်ရာဇဝတ်မှုပုံသဏ္ဍာန်ကို အတိအလင်း ဖော်ပြသကဲ့သို့ ဖြစ်လာခဲ့သည်။
အကြမ်းဖက်စစ်တပ်သည် ယခင်ကလည်း တိုင်းရင်းသားနယ်မြေများတွင် ယင်းသို့ အလားတူ အကြိမ်ကြိမ် ပြုလုပ်နေကြ ဖြစ်သည်ကို လူထုက ပြန်လည် သတိရအောက်မေ့လာသည်။
နှစ်ပေါင်းများစွာ အကြမ်းဖက်စစ်တပ်၏ နှိပ်စက်မှု၊ ဖိနှိပ်မှုကို တိုက်ရိုက်မခံခဲ့ရသော တိုင်းရင်းသားဒေသ မဟုတ်သည့် ဒေသများမှ ပြည်သူလူထုပင်လျင် အကြမ်းဖက်စစ်တပ်၏ ဆိုးယုတ်မှုသမိုင်းကြောင်း အတိအလင်း လက်ခံလာခဲ့ကြသည်။
ထန်တလန်ဖြစ်ရပ်သည် အကြမ်းဖက်စစ်တပ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ အတွက် ထင်ရှားသော သက်သေပြယုဂ် တစ်ခုဖြစ်လာသည်။
ထန်တလန်မြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ ကျူးလွန်ခဲ့မှုများမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု(Crimes Against Humanity) ၊ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide)၊ စစ်ရာဇဝတ်မှု(War Crimes) ကို ထပ်မံကျူးလွန်သည့် လုပ်ရပ်လည်းဖြစ်သည်။
ဥပမာဆိုလျင် လူမျိုးတုန်းသတ်ဖြတ်မှု Genocide မြောက်ကြောင်း သတ်မှတ်ထားသည့်အချက် ၅ ချက် အနက် နံပါတ် ၃ အချက်ဖြစ်သည့် အုပ်စုတစ်ခု၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ် ဒေသဖြစ်စေ ပျက်ဆီးစေရန် ၎င်းတို့၏ အသက်ရှင်နေထိုင်ရေးဆိုင်ရာအခြေအနေတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းသည် အပါအဝင်ဖြစ်သည်။
နိုင်ငံတကာ ဖိအားများ အရှိန်အကောင်းဆုံးအချိန်တွင် အကြမ်းဖက် စစ်တပ်ကို နိုင်ငံတကာခုံရုံးတင်ပြနိုင်ရန် အတွက် ထန်တလန်သည် မြန်မာတစ်နိုင်ငံကိုယ်စား စတေးခံပြီး အကြမ်းဖက်စစ်တပ်၏ မျက်နှာဖုံးမှန်သမျှကို ဆွဲခွာနိုင်ခဲ့သော သက်သေတစ်ရပ်လည်း ဖြစ်ခဲ့ပေတော့သည်။
ထန်တလန်သည် အကြမ်းဖက် စစ်ခေါင်းဆောင်များကို နိုင်ငံတကာခုံရုံးသို့ အရောက်တွန်းပို့နိုင်မည့် သမိုင်းစာမျက်နှာ တစ်ခုအဖြစ် ဥဒါန်းတင်ရစ်တော့မည်လည်း ဖြစ်သည်။