တအောင်းတပ်မတော် TNLA နှင့်ပူးပေါင်းတပ်တို့၏ သေနတ်ပြောင်းဝမှ ကျည်စတင်ထွက်ရှိသည်နှင့် တစ်ပြိုင်နက် မြို့သိမ်းတိုက်ပွဲများကို ရဲဝံ့စွာ ဆင်နွှဲလိုက်ခြင်းမှာ ၁၀၂၇စစ်ဆင်ရေး၏ ယုံကြည်စိတ်ကြီးမှုနှင့် အောင်စိတ်ကို ဖော်ပြနေပေသည်။
စစ်ကောင်စီတပ်က တရုတ်ဆေးမြီးတို ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ဖောက်ဖျက် ရန်စ တိုက်ခိုက်နေမှုအပေါ် ဇွန်၂၅ရက်တွင် TNLAပူးပေါင်းတပ်က သေနတ်ကိုသေနတ်ချင်း ဆိုင်ကာ ၁၀၂၇စစ်ဆင် ရေး ၊ဒုတိယအကျော့အား စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
ထိုးစစ်စတင်သည့်နေ့မှာပင် နောင်ချိုနှင့်ကျောက်မဲတွင် မြို့သိမ်းတိုက်ပွဲအဖြစ် ဝါးလုံးထိုး တိုက်စစ် ဆင်လိုက်နိုင်ခြင်းက ပထမအကျော့ ၁၀၂၇စစ်ဆင်ရေး၏ ဂုဏ်သိက္ခာကို လက်ဆင့်ကမ်းလိုက်နိုင်ခြင်းဖြစ် သည်။
ဇွန်လ၂၈ရက်တွင် နောင်ချိုမြို့တွင်း၊မြို့ပြင် တပ်စခန်း၁၃ခု၊ကျောက်မဲမြို့တွင်း၊မြို့ပြင် တပ်စခန်း၉ခု၊ မိုးကုတ်မြို့တွင်း၊မြို့ပြင် တပ်စခန်း ၆ခုနှင့် မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်း ၃ခုတို့ကို TNLAပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်။
လေးရက်တာ ထိုးစစ်အတွင်း နောင်ချို၊ကျောက်မဲနှင့်မိုးကုတ်မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက် နေရာ ယူထားနိုင်ခြင်း၊ စစ်ကောင်စီတပ်ဘက်က မြေပြင်တိုက်ပွဲများတွင် အစဉ်အလာမပျက် တိုက်တိုင်းရှုံးနေခြင်း နှင့် လေကြောင်းနှင့်လက်နက်ကြီးကိုသာ အားပြုနေရခြင်းမှာ အပစ်ရပ် ငါးလကျော်ကြာကာလအတွင်း စစ် ကောင်စီတပ် မည်သို့မည်ပုံပြင်ဆင်ခဲ့သလဲဟု အော်ကြီးဟစ်ကျယ် မေးခွန်းထုတ်ချင်စရာပင်ဖြစ်သည်။အပစ် ရပ်ကာလ ငါးလကျော်အတွင်း တအောင်းတပ်မတော်TNLAနှင့် ကိုးကန့်တပ်MNDAAတို့ ပေးခဲ့သော လက်ချာ များကို စစ်ကောင်စီတပ် မျက်ရည်စက်လက်ဖြင့် မည်သို့ ပြန်လည်ဖာထေးတည်ဆောက်ခဲ့လေသနည်း။
ယခု တစ်ကျော့ပြန် ရှမ်းမြောက်တိုက်ပွဲ၏ ထူးခြားချက်မှာ စစ်ခေါ်ခရာကို စတင်မှုတ်လိုက်သူက စစ် တပ်ဖြစ်နေခြင်းကြောင့် စစ်ကောင်စီသည်သူတို့ကိုယ်သူတို့ ယုံကြည်မှုတစ်စုံတစ်ရာရှိနေသည့် သဘောပင်။ TNLAတပ်စခန်းများကို ဒရုန်း၊တိုက်လေယာဉ်နှင့်လက်နက်ကြီးတို့ဖြင့် ပစ် ခတ်ကာ စစ်မဖြစ်ဖြစ်အောင် စစ် တပ်က ရန်စခဲ့သည်။
ရှမ်းမြောက်တွင် တိုက်ပွဲခေါ်သံများကို ကြားလာရသဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စား လှယ် တိန့်ရှီးကျွင်း နေပြည်တော်သို့ အပြေးအလွှား ရောက်လာခဲ့သည်။တိန့်ရှီးကျွင်းနှင့် မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးဆိုသူ သန်းဆွေတို့ နေပြည်တော် တွင် တွေ့ဆုံသည့် ဇွန်၁၈ရက်၌ပင် နောင်ချိုမြို့နယ်အ တွင်းရှိ TNLAတပ်စခန်းကို စစ်တပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့ခြင်းက စစ်ကောင်စီ၏ မထီမဲ့မြင်ပြုမှုနှင့် ထိန်းမနိုင်သိမ်းမရ မာနထောင်လွှားမှုပင်ဖြစ်သည်။
ထိုသို့စစ်ကို စခေါ်သောစစ်တပ် ယခုတော့ မြင်နေကျအတိုင်း ပုံပျက်ပန်းပျက် အသက်ငင်မပျက်မြင် ရပြန်သည်။နေပြည်တော်ကျည်လုံမှန်ခန်းထဲမှ လက်ညှိုးထိုးတိုက်ပွဲဝင်နေသော စစ်ဗိုလ်ချုပ်တို့မှာ အနိုင်ယူလို စိတ် ပြင်းပြလှသော်လည်း တကယ်တိုက်ရသောစစ်သားတို့မှာမူ သေနတ်သံကြားသည်နှင့် ပြေးပေါက်ချောင်း ကာ အသေခံတိုက်လိုစိတ်မရှိကြောင်း ၁၀၂၇စစ်ဆင်ရေး ဒုတိယအကျော့ နိဒါန်း၌ပင် သက်သေပြနေပြီဖြစ် သည်။
ထို့အပြင် ၁၀၂၇စစ်ဆင်ရေး ဒုတိယအကျော့၏ ထူးခြားချက်မှာ ရှမ်းမြောက်ဒေသတင်မက မန္တလေး တိုင်း၊မိုးကုတ်နှင့်မတ္တရာတို့တွင်ပင် ဟန်ချက်ညီစစ်မျက်နှာဖွင့်ကာ စခန်းအချို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး NUGအစိုးရက ရှမ်းမန်းစစ်ဆင်ရေးဟု ခေါ်ဆိုလိုက်သည်။ရှမ်းမန်းစစ်ဆင်ရေးကို ချဲ့ထွင်ဖွင့်ဆိုရသော် ရှမ်း မြောက်တင်မက မန္တလေးကိုပါ ခြိမ်းခြောက်ပြီဆိုသည့် စစ်ဆင်ရေး။
၁၀၂၇ စစ်ဆင်ရေး ပထမအကျော့တွင် ရှမ်းမြောက်ဒေသတစ်ခုတည်း၌သာ အားကောင်းသော ထိုး စစ်ဆင်မှုရှိခဲ့သော်လည်း ယခု ဒုတိယအကျော့တွင်မူ ကချင်နှင့်ရခိုင်စစ်မျက်နှာတို့၌ တော်လှန်ရေးတပ်တို့က မိုင်ကုန်ဖွင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီ ခွက်ခွက်လန်အရှုံးနှင့် ရင်ဆိုင်နေရချိန်လည်းဖြစ်သည်။
ဇွန်၂၉ရက်တွင် လားရှိုး၌ ကိုးကန့်တပ် MNDAA ကို စစ်တပ်က လာရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင် ဟိုင်ဂင်သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက်ခြင်းကြောင့် ရှမ်းမြောက်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း MNDAA၏ ထုတ်ပြန်ချက်ကလည်း စစ်ကိုခေါ်သောစစ်တပ်အား ပြန် တိုက်တော့မည်ဖြစ်ကြောင်း သတင်းပေးပို့ချက်ဟုဆိုနိုင်သည်။
၁၀၂၇စစ်ဆင်ရေး ပထမအကျော့သည် နွေဦးတော်လှန်ရေးကို တစ်ဆစ်ချိုးနိုင်ခဲ့သလို ယခုဒုတိယအ ကျော့သည် အတိုင်းအတာမည်မျှ အရွေ့ကြီးမလဲဆိုသည်ကို လတ်တလောအကဲဖြတ်ရန် အချိန်စောနေသေး သော်လည်း ၁၀၂၇ကို နောက်တစ်မျိုးဖွင့်ဆိုသော် အောင်လံတလူလူစိတ်ဓာတ်ဟု အဖြေထွက်ပါကြောင်း မောင်းခတ်လိုက်ရပါသည်။