အရပ်သားပြည်သူတို့၏ အသက်သွေးတို့ဖြင့် အရောင်ခြယ်ကာ စစ်ကောင်စီ ယုတ်မာ ရိုင်းစိုင်းခဲ့သည့် စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီကြီးရွာ၏ သေမင်းတမန် ငရဲခန်းကို နိုင်ငံတကာအသိုင်းအဝိုင်းက စကား လုံးများဖြင့် မာမာထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ့ မိစ္ဆာတိုက်လေယာဉ်တို့ ပိုမိုပျံဝဲလာ ခဲ့သည်။
၂၀၂၂ခုနှစ်၊စက်တင်ဘာ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းရွာ စာသင်ကျောင်း၌ စာသင် နေသောအပြစ်မဲ့ ကလေးငယ်တို့ကို စစ်မိစ္ဆာတို့က ၁နာရီခန့်ကြာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၁ဦးအပါအဝင် စုစုပေါင်း၁၃ဦး အသက်ပေးခဲ့ရသည်။
ထို့နောက်တဖန် ဖားကန့်မြို့နယ်၊အနန့်ပါဒေသ ဂီတဖျော်ဖြေပွဲတွင် ခဏတာစိတ်အပန်းဖြေနေကြ သော အရပ်သားပြည်သူများစွာ ရှိနေမှန်းသိလျက် တိုက်လေယာဉ်ပေါ်မှ ဗုံး၃လုံးကြဲချ၊သေမင်း၏တရွတ်ဆွဲ ခေါ်ဆောင်ရာနောက် ၇၅ဦးသောအသက်တို့ အလွယ်တကူ လိုက်ပါခဲ့ရသည်။
ထိုသို့ အရပ်သားပြည်သူများ၏ အသက်ကိုလည်း မထောက်ညှာ၊လေကြောင်းတိုက်ခိုက် သတ်ဖြတ် နေမှုများကို ကမ္ဘာ့ဒီမိုကရေစီဦးဆောင်နိုင်ငံကြီးများနှင့် ဂုဏ်သိက္ခာကြီးမြတ်လှသော နိုင်ငံတကာအဖွဲ့အစည်း ကြီးများက ရွပ်ရွပ်ချွန်ချွန် ကန့်ကွက်ခဲ့ကြရာ သွေးဆာနေသော စစ်ဗိုလ်ချုပ်များက လေးစားလိုက်နာစွာဖြင့် ပဇီကြီးရွာ၌ ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲပြခဲ့ပြန်သည်။
ဧပြီ၁၁ရက်နေ့နံနက်တွင် ပဇီကြီးရွာသို့ မမျှော်လင့်ထားသော တိုက်လေယာဉ်တို့ရောက်ရှိလာကာ စစ် ဗိုလ်ချုပ်တို့၏အမှာတော်အတိုင်း ငရဲခန်းပျို့ကို တသွေမတိမ်း ရွတ်ဆိုပြခဲ့သည်။စုစုပေါင်းအရပ်သားပြည်သူ သေဆုံးမှုမှာ ကြောက်မက်ဖွယ် ၁၆၈ဦး။
ပဇီကြီးအလွန်စာမျက်နှာများမှာလည်း အသက်ကိုပေးရန် တောင်းဆိုနေသော တိုက်လေယာဉ်များ တဝီဝီ။လတ်တလောသတင်းများကိုပဲကြည့်ဦးတော့။
မေလ၂၇ရက်နေ့၊မိုးဗြဲမြို့ပေါ်မြေပြင်တိုက်ပွဲတွင် အထိနာ နေသော စစ်တပ်ကို ကယ်တင်ရန် မိုးဗြဲမြို့ပေါ်သို့ တိုက်လေယာဉ်ပေါ်မှ ပေါင်၅၀၀ ဗုံးများကြဲချ၊ လူနေရပ် ကွက်များထဲ စက်သေနတ်ဖြင့် ပစ်ခတ်သတ်။ မေလ၂၅ရက်ည ၉နာရီမိနစ်၂၀တွင်လည်း ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာကို တိုက်လေယာဉ်၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ပြည်သူ၂ဦးသေဆုံးရ။မေလ၂၅ရက်၊နေ့ခင်းမှာပင် ထန်တလန်မြို့ပေါ် တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲချ။မေလ၂၃ရက်၊ည၁၁နာရီခွဲခန့်ကလည်း ကော့ကရိတ် မြို့နယ်၊ ခလယ်လောကျယ်(ခ)ပနွယ်ဖိုးကလိုးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး၂လုံးကြဲချခဲ့ရာ ခရစ်ယာန်ဘု ရား ကျောင်း ပြန်လည်ပြုပြင်၍ မရတော့အောင် ပျက်စီးခဲ့ရ။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကထုတ်ပြန်သော “အကြမ်းဖက်စစ်အုပ်စု၏လေကြောင်းအသုံးပြု သတ်ဖြတ်မှုများနှင့် နိုင်ငံတကာရပ်တည်ချက်”အစီရင်ခံစာက ၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီမှ ၂၀၂၃ခုနှစ်၊ဧပြီအထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ကြိမ် ပြုလုပ်ခဲ့ပြီး လူ၆၃၄ဦးသေဆုံးခဲ့ကြောင်းဆို၏။ထို့ ပြင် ၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီ မှစ၍၂နှစ်နှင့် ၄လအတွင်း ၃ရက်လျှင် ၁ရက်နှုန်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်းလည်းဖော်ပြထားသည်။
နှစ်အလိုက်လေကြောင်းတိုက်ခိုက်မှုများမှာ ၂၀၂၁ခုနှစ်တွင် ၁၅၃ကြိမ်၊၂၀၂၂ခုနှစ်တွင် အကြိမ်၈၂၀နှင့် ၂၀၂၃ ခုနှစ်ဇန်နဝါရီမှ ဧပြီအထိ ၄၅၄ကြိမ်ရှိခဲ့ကြောင်း ယင်း အစီရင်ခံစာ၌ ဆက်လက်ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ နှစ်အလိုက်လေကြောင်းတိုက်ခိုက်မှုများနှင့် ၂၀၂၃ခုနှစ်၊ဧပြီနောက်ပိုင်း ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်နေမှုအရ လေကြောင်းစစ်ဆင်ရေးကို စစ်ကောင်စီက မဟာ ဗျူ ဟာမြောက် အသုံးချလာသည်မှာ ထင်ရှားနေသလို အရပ်သားများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း လက်တွေ့ဖြစ်ရပ်များက သက်သေခံနေပေသည်။
အဘယ့်ကြောင့် လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက အရှိန်မြှင့်ဆောင်ရွက်နေရသနည်း။ မြေပြင် တိုက်ပွဲများတွင် စစ်ကောင်စီတပ် အထိနာနေခြင်းနှင့် လေကြောင်းရန်ကို တော်လှန်ရေးအင်အား စုများက ကာ ကွယ်နိုင်စွမ်းလုံးဝ မရှိခြင်းတို့ကြောင့်ဖြစ်သည်။
ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီအတွက် မဟာဗျူဟာမြောက်အရေးပါနေသလို လေကြောင်းရန်ကိုဖယ်ရှားနိုင်စွမ်း(သို့မဟုတ်) ပြန်လည်ခုခံနိုင်ခြင်းသည် နွေဦးတော်လှန်ရေးအတွက် လေနှင့် ရေပမာ အရေးပါလှသည်။ထို့ပြင် သတ်တိုင်းသေနေသောမြန်မာပြည်သူတို့၏အသက်ကိုလည်း ကယ်တင်ရာ ရောက်ပေမည်။
လေကြောင်းရန်ကို မည်သို့ ဖယ်ရှား/ခုခံကြမည်နည်း။စစ်ကောင်စီ၏ လေကြောင်းရန်ကို ဖယ်ရှားရေး တွင် နိုင်ငံတကာအသိုင်းအဝိုင်း၏အခန်းကဏ္ဍမှာ ပဓာနကျပါသည်။ကြေညာချက်ထုတ် ကန့်ကွက်နေရုံမျှဖြင့် မြန် မာပြည်သူတို့၏အသက်ကို ကယ်တင်နိုင်မည်မဟုတ်ကြောင်း စစ်ကောင်စီက အကြိမ်ကြိမ်သက်သေပြပြီး လည်း ဖြစ် သည်။ထို့ပြင် ဒီမိုကရေစီဦးဆောင်နိုင်ငံကြီးတို့၏ ပိတ်ဆို့မှုအတိုအထွာသည်လည်း စစ်ဗိုလ်ချုပ်တို့ အတွက် ခဏတ ဖြုတ်ခေါင်းကိုက်ရုံမျှပင်ရှိကြောင်း လက်တွေ့ဖြစ်ရပ်များက ညွှန်ပြနေပေသည်။
ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့်မြန်မာ့နွေဦးနှင့် မြန်မာပြည်သူတို့၏အသက်ကို ကြေ ညာချက်ထုတ် ထိုင်ကြည့်မနေဘဲ ကိုယ် ထိလက်ရောက် ပံ့ပိုးနိုင်ရေးအတွက် ပြင်းပြင်းထန်ထန် မြန်မြန်ဆန် ဆန် စဉ်းစားခန်းဝင်ကာ လက်တွေ့ကျရန် အချိန်တန်ပြီဖြစ်ကြောင်း မောင်းခတ်လိုက်ရပါသည်။