ကြောက်မက်ဖွယ်နာဂစ်မုန်တိုင်းအပြီး ၁၅နှစ်အကြာ စူပါမုန်တိုင်းကြီး အဖြစ် မြန်မာ နိုင်ငံ အတွင်းသို့ ဝင်ရောက်တော့မှာသေချာသည့် မေလ၁၃ ရက်နေ့တွင် မင်းအောင်လှိုင်နှင့်စစ်ကောင် တစ်သိုက် မှာ ကျိုင်းတုံ မြို့၌ ဘုရားထီးတင်လျက်ရှိ သည်။
အာဏာရှင်စစ်ဗိုလ်ချုပ်တို့၏ ရူးနှမ်းမှု ထုံးစံအတိုင်း ဘုရားထီးတင်ခြင်းဆိုသည်မှာ ပြည်သူမပေး သောအာဏာ သက်ဆိုးရှည်စေရေးအတွက် ယတြာချေခြင်းပင်ဖြစ်သည်။ဘုရားထီးတင်အပြီး အောင်ပြီဟု ၃ကြိမ် ဟစ်ကြွေးလိုက်ပြီး ၂၄နာရီမပြည့်မီမှာပင် ကြောက်မက်ဖွယ် မိုခါမုန်တိုင်းကြီးက တစ်နာရီမိုင်၁၃၀ ကျော်နှုန်းဖြင့် ဝင်ရောက်ချေမွခဲ့ရာ ရခိုင်ပြည်နယ်နှင့် အနောက်မြောက်ဒေသ မြန်မာပြည်သူတို့ဘဝ ကြေမွ ခဲ့ရ သည်။စစ်တွေမြို့ဆိုလျှင် ရာခိုင်နှုန်း၉၀ ပျက်စီးခဲ့ကာ မုန်တိုင်းမဝင်မီက စစ်တွေမှာ ရာဇဝင်ထဲတွင် ကျန် ရစ်ခဲ့ ပြီဖြစ်သည်။
မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် အတိအကျကို မပြောနိုင်သေးသော်လည်း စစ်တွေမြို့နယ် ထဲရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင်ပင် သေဆုံးသူ ၄၀၀ကျော် ရှိကြောင်း မြေပြင်ဆင်းစာရင်းကောက်သူ များ ထံက သိရသည်။နေပြည်တော်ကျည်ကာမှန်ခန်းထဲမှ အသေအပျောက်ကိန်းဂဏန်းများကို နံကြား ထောက်ခန့်မှန်းနေသော စစ်ကောင်စီကတော့ ၄၀၀ကျော်စာရင်းအား လက်မခံ။ ထိုသို့ဖော်ပြသော မီဒီယာ များကိုပင် အရေးယူမည်ဟုခြိမ်းခြောက်လိုက်သေးသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများက မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာပြည်သူ ၅ဒဿမ၄သန်း ကျော် ထိခိုက်နိုင်ကြောင်း ခန့်မှန်းထားပြီး နိုင်ငံအတွင်း ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ယခုနှစ် ၌ လူပေါင်း ၄ သန်းခွဲ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေ ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) က မေ ၁၇ရက် တွင် ထုတ်ပြန် ထားသည်။အရေးပေါ်ကယ်ဆယ်ရေးအတွက်လိုအပ်ငွေမှာ အမေရိကန်ဒေါ်လာ ၇၆၄သန်းဖြစ်ပြီး ထို လိုအပ် ငွေ ၏ ၁၀ရာခိုင်နှုန်းသာရရှိသေးသည်။
မည်သို့ပင်ဆိုစေ၊ကုလအဖွဲ့အစည်းများက မုန်တိုင်းစဲသည်နှင့်တစ်ပြိုင်တည်း ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ရန် အဆင်သင့်ပြင်ထားပြီးဖြစ်သည်။စစ်တွေမြို့ မုန်တိုင်းရှောင်စခန်းများတွင် လာရောက်ခိုလှုံ သူ၆၀၀၀ခန့်ကို WFP က အရေးပေါ်စာနပ်ရိက္ခာဖြန့်ဝေပေးနိုင်သော်လည်း မုန်တိုင်းသင့်ပြည်သူများအား ကျယ် ကျယ်ပြန်ပြန့် အကူအညီပေးနိုင်ခြင်းမရှိသေးပေ။မုန်တိုင်းအပြီး အရေးပေါ်အကူအညီလိုအပ်နေသော ပြည်သူများဆီအရောက် ကုလသမဂ္ဂနှင့် မိတ် ဖက်အဖွဲ့အစည်းများက လွတ်လပ်စွာ သွားရောက်ကူညီခွင့်ကို စစ်ဗိုလ်ချုပ်များက ပိတ်ပင်ထားဆဲဖြစ်သည်။
စစ်ကောင်စီသည်အာဏာသိမ်းပြီးနောက်ပိုင်း စစ်လက်နက်ပစ္စည်း အနည်းဆုံးကန်ဒေါ်လာသန်း ၁၀၀၀ဖိုး ဝယ်ယူကာ ပြည်သူကို ထင်သလို သတ်နေသလောက် မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်အတွက်ကျ ကျပ် ၇ဘီလီယံမျှသာ သုံးစွဲမည်ဟုကြေညာသည်။ယင်း၇ဘီလီယံဆိုသည်မှာ ဆင့်ပါးစပ်ထဲနှမ်းပက်ထည့် သလိုဖြစ်နေပြီး စစ်ကောင်စီယန္တယား၏ထုံးစံအရ ပြည်သူ့လက်ထဲ သုံးပုံနှစ်ပုံရောက်လျှင်ကံကောင်း ဖြစ်သည်။ ဆိုရလျှင် စစ်ကောင်စီဗိုလ်ချုပ်များမှာ ကိုယ်တိုင်လည်း ထိရောက်စွာမကူညီနိုင်၊အကူအညီ ပေး မည့်သူများကိုလည်း ချုပ်ချယ် ကန့်သတ်များစွာ။အဘယ့်ကြောင့် ထိုသို့လုပ်ဆောင်နေရသနည်း။
ပထမတစ်ချက်မှာ စစ်ကောင်စီ၏ ထိရောက်သောကြိုတင်ပြင်ဆင်မှုမရှိခြင်းကြောင့် အသက် ဆုံးရှုံးရမှုအခြေအနေမှန်ကို နိုင်ငံတကာအဖွဲ့အစည်းများ သိရှိသွားမည် စိုးသောကြောင့်ဖြစ်သည်။အ ထူးသဖြင့် ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း ပြေးစရာမြေမရှိသဖြင့် အသက်ပေးခဲ့ရခြင်းအဖြစ်မှန် ကို စစ်ကောင်စီက ရသလောက်ဖုံးကွယ်လိုခြင်းဖြစ်သည်။
ဒုတိယအချက်မှာ မုန်တိုင်းအပေါ်အကြောင်းပြကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြံရွယ်ချက် ဖြစ် သည်။အကူအညီပေးလိုသော နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆန္ဒလည်မျိုကို တင်းတင်းညှစ်ကာ ၎င်းတို့ အပေါ် အသိအမှတ်ပြုမှုတစ်စုံတစ်ရာရရှိအောင် ကြိုးစားနေခြင်းဖြစ်သည်။ထို့ပြင် နိုင်ငံတကာအဖွဲ့ အစည်း တို့၏ ပြည်သူထံ တိုက်ရိုက်အကူအညီပေးခြင်းကို လက်မခံလို။နိုင်ငံတကာအကူအညီများကို ၎င်းတို့ မှတစ် ဆင့် ပြည် သူ တို့ထံ ပေးအပ်ကာ အလှူ့လက်ဖက် ဖြင့် ပြည်သူကိုမျက်နှာလုပ် စည်းရုံးခြင်းနှင့် နိုင်ငံတကာ ထောက်ပံ့ငွေများကို အလွဲသုံးရန်လည်း စိတ်ကူးယဉ်နေခြင်းဖြစ်သည်။
အာဏာရှင်တို့၏အဘိဓာန်ထဲတွင် ပြည်သူဆိုသည်မှာ ထားရာနေ စေရာသွား သတ်လျှင်သေဟုသာ ပြဌာန်းထားပြီး အသုံးချခံအဖြစ်ထက်မပိုပေ။ထို့ကြောင့် ပြည်သူများ မည်သို့ကြောင့်သေသေ ငတေမာရန်သာ စဉ်းစားခြင်းသည် အာဏာရှင်ပီသမှုပင်ဖြစ်သည်။
စစ်ဗိုလ်ချုပ်များသည် မုန်တိုင်းကြောင့်သေဆုံးသွားသူတို့၏အလောင်းပေါ်နှင့် အတိဒုက္ခ ရောက်နေသောပြည်သူ့ဘဝများစွာပေါ် တက်ထိုင်ကာ အမြတ်ထုတ်ရန်သာ အားထုတ်နေသည်ဟု MPA က ယုံကြည်ပါသည်။