နည်းလမ်းရယ်အစုံအလင်ဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာ့အရေးချဉ်းကပ်မှုများမှာ ရေပေါ် အရုပ်ရေးနေသကဲ့သို့ပင် သိသာထင်ရှားသောအစွန်းအထင်းမျှကိုပင် မတွေ့ရသေးပေ။
ဧပြီ၂၃ရက်ညနေတွင် နေပြည်တော်သို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ခြေသံလုံလုံဖြင့် ရောက်ရှိလာသည်။ဧပြီ၂၄ရက်နေ့တွင် စစ်ခေါင်းဆောင်များနှင့်တွေ့။မစ္စတာဘန်ကီမွန်းက အကြမ်းဖက်မှုများ ချက်ချင်းရပ်ရန်နှင့် စစ်ကောင်စီဘက်က ပထမခြေလှမ်းစရန်တောင်းဆိုခဲ့သည်။ထို့အပြင် ရေရှည်တည်တံ့ သည့်အဖြေတစ်ခုရရှိရန် NUGအစိုးရအပါအဝင် အားလုံးပါဝင်နိုင်ရေးကို အလေးထားပြောကြားခဲ့သလို အာဆီ ယံဘုံသဘောတူညီချက်၅ရပ်နှင့်ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ကို အရေးတ ကြီးဖော်ဆောင်ရန်လည်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။
စစ်ခေါင်းဆောင်များက မစ္စတာဘန်ကီမွန်း၏ပြောကြားချက်များအပေါ် မည်သို့ပြန်လည်တုံ့ပြန်သလဲ ဆိုသည်ကို မသိရသေးသော်လည်း ဧပြီ၂၄ရက်နေ့တွင် စစ်ကိုင်တိုင်း၊ထီးချိုင့်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု၉ကြိမ် စစ်ကောင်စီတပ်က ပြုလုပ်ပြခဲ့သည်။
ထို့နောက် မစ္စတာဘန်ကီမွန်း နေပြည်တော်မှပြန်သွားပြီး တစ်ရက်မပြည့်သေးသော ဧပြီ၂၅ရက်၊နေ့ ခင်းပိုင်းတွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ဆောင်းဖွေးကျေးရွာဆေးခန်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ပြခဲ့ပြန်သည်။
ဆက်လက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း မေလ၂ရက်တွင် နေပြည်တော်သို့ရောက်လာပြန် သည်။မင်း အောင်လှိုင်နှင့်ချင်ကန်း ရယ်ကာပြုံးကာဖြင့် လက်ဆွဲနှုတ်ဆက်ကြ။စစ်ကောင်စီလည်းရွေး ကောက်ပွဲလုပ်၊ NLDပါတီလည်း ရွေးကောက်ပွဲပြန်ဝင်ဆိုသည့် မြန်မာ့ဒီမိုကရေစီနှင့် ပြည်သူတို့၏ ဆန္ဒကိုတစ် ရွေးသားမျှ ထည့်မစဉ်းစား သော မြန်မာ့အရေး အဖြေရှာခြင်းနည်းကိုတရုတ်အစိုးရက စိတ်ကူးယဉ်ပြန်သည်။
ချက်ချင်းဆိုသလို မေလ၃ရက်နေ့တွင် ပုဒ်မ၅၀၅(က)ဖြင့် ထောင်ကျနေသော နိုင်ငံရေးအကျဉ်းသား ၂၁၅၃ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့သည်။မအောင်မြင်သောအာဏာ သိမ်းကာလတစ်လျှောက် ယခု လို နိုင်ငံရေး အကျဉ်းသားသီးသန့် လူ၂၀၀၀ကျော်လွှတ်ပေးခြင်းမျိုး တစ်ကြိမ်မျှ မရှိခဲ့သဖြင့် မြန်မာအရေး တရုတ်ဆေးနည်း က စွမ်းနေပြီလားဟု စောင့်ကြည့်ကြရသည်။
သို့သော်၊လွတ်ငြိမ်းခွင့်ပေးသည့်နေ့မှာပင် ပုဒ်မ၅၀၅(က)ထဲမှ လွတ်ရက်နီး နိုင်ငံရေးအကျဉ်းသားများ ကိုသာ ပြန်လွှတ်ခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် စစ်ကောင်စီသည် စစ်ကောင်စီဆန်စွာပင် အစဉ်အလာမ ပျက် ကလိန်စေ့ငြမ်းဆင် ပြန်ပြီဟု ပြတ်ပြတ်သားသား မှတ်ချက်ချရတော့သည်။
ထို့ထက်ပိုဆိုးသည်မှာ မေလ၃ရက်နေ့တွင် အမှန်တကယ်လွတ်ငြိမ်းခွင့်ပြုသူ ၂၁၅၃ဦး မရှိခြင်းပင်ဖြစ် သည်။ယခင် လွတ်ပြီးသားသူများကိုလည်း မေ၃ရက် လွတ်ငြိမ်းစာရင်းထဲထည့်ထားသည်။မန္တလေးထောင် တွင်း နိုင်ငံရေးအကျဉ်းသား၁၀၀ကျော်ကို လွှတ်မည်ဟုဆိုကာ ထောင်ဗူးဝသို့ခေါ်လာပြီးနောက် မလွှတ်တော့ ကြောင်းလည်း သိရသည်။နိုင်ငံရေးအကျဉ်းသားများကာကွယ်စောင့်ရှောက်ရေးအသင်း(AAPP)ကပြန်လွတ် လာသူများကို လိုက်လံအတည်ပြုချက်အရ နိုင်ငံရေးအကျဉ်းသား၂၁၀၀ကျော်ကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာလုံးဝ မဟုတ်မှန်ကြောင်း သိရသည်။ထို့ကြောင့် စစ်ကောင်စီ၏လွတ်ငြိမ်းခွင့်ဆိုသည်မှာ နိုင်ငံတကာအမြင်လှအောင် ဉာဏ်ဆင်လိမ်ထားမှန်းသိသာနေပေသည်။
အကြမ်းဖက်မှုများကို ကြည့်လျှင်လည်း နေ့စဉ်မပျက်စစ်ကောင်စီတပ်များ ရွာထဲဝင်လုယက်၊ပြည်သူ့ နေအိမ်မီးရှို့ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများမှာ အစဉ်အလာမပျက် ကျူးလွန်မြဲ ကျူးလွန်လျက်ပင်ဖြစ် သည်။ထို့အပြင် မေလ၁၁ရက်နေ့၊ညဦးပိုင်းက ချောင်းဦးမြို့ပေါ်ရပ်ကွက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခြင်းမှာ မြို့များကိုလည်း မီးလောင်တိုက်သွင်းရန် တွန့်ဆုတ်ခြင်းမရှိကြောင်း အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။
စစ်ကောင်စီတပ်၏ အဆန်းတကြယ်မဟုတ်တော့သော နောက်ထပ်ကျူးလွန်မှုမှာမေလ၁၀ရက်နေ့က ပဲခူးတိုင်း၊ထန်းတ ပင်မြို့နယ်၊ညောင်ပင်သာရွာသား၁၈ဦးကို မျက်နှာအဝတ်စည်း၊လည်လှီးပြီး အစုလိုက်အပြုံ လိုက် သတ်ဖြတ် ကာ မီးရှို့ခဲ့ခြင်းပင်ဖြစ်သည်။
ထိုသို့ ချော့၍လည်းမရ၊ခြောက်၍လည်းမရ ၎င်းတို့အာဏာရရှိရေးအတွက် ပြည်သူကို ထင်သလို အ ကြမ်းဖက်သတ်ဖြတ်နေခြင်းမှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာ့အရေးချဉ်းကပ်ပုံ မမှန်ကန်ကြောင်း သက် သေခံနေပေသည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ စစ်ခေါင်းဆောင်များလိမ္မာလာမည့်နေ့ကို စိတ်ကူးယဉ်မျှော်လင့်နေသော ၊နိုင်ငံတကာအသိုင်းအဝိုင်း၏စုစည်းမှုမရှိ၊ထိရောက်မှုမရှိသော တုံ့ပြန်မှုများမှာ စစ်ခေါင်းဆောင်များအား သက်ဆိုးရှည်စေရန် တွန်းအားပေးသလို ဖြစ်နေကြောင်း မြန်မာပြည်သူတို့ကိုယ်တိုင်ယုံ ကြည်နေကြပြီ ဖြစ်သည်။