ခုခံတော်လှန်စစ်မှသည် ထိုးစစ်ဆင်နိုင်ရေး ပြည်သူများ ဝိုင်းဝန်းပံ့ပိုးပေးကြရန် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF)က မတ်လ၂၅ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ထိုးစစ်ဆင်နိုင်ရေးဆိုသည့် ဝေါဟာရကို တော်လှန်ရေး ၂ နှစ်ကျော် သက်တမ်းအတွင်း ယခု ပထမဆုံး အကြိမ် ကြားရခြင်းဖြစ်ပြီး စိတ်ကူးယဉ် ပြောကြားနေခြင်း မဟုတ်ကြောင်း KNDF က ထုတ်ပြန်လိုက်သည့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော ရန်သူ့လက်နက်ခဲယမ်းများက သက်သေခံနေပေသည်။
မတ်လ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သား ၃၃၀ ခန့်ဖြင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲသို့ စစ်ကြောင်း၃ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ ကရင်နီပူးပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်လျက်ရှိ သည်။
ဒီးမော့ဆိုအရှေ့ခြမ်း၊ ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသောစစ်တပ်ကို မတ်လ၂၀ရက် မှ ၂၃ရက်နေ့အထိ ကရင်နီပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်အရာရှိများအပါအဝင် စစ်သား၉၀ကျော်သေဆုံးကာ ၅၀ကျော်ဒဏ်ရာရခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။ သေဆုံးစစ်သားအရေအတွက်ကို သီးခြားအတည်မပြုနိုင်ကြသော်လည်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများစွာက ဖြစ်နိုင်ခြေ တစ်ခုကို ဖော်ပြနေသည်။
KNDF ၏ မတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဒီးမော့ဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လာသောစစ်တပ် ကို ခုခံတော်လှန်ရင်း တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့ပြီး ထိုးစစ်ဆင်တိုက်ပွဲများကို အရှိန်ကောင်းကောင်းဖြင့်ဖော် ဆောင်နိုင်ရေးအတွက် ခဲယမ်းမီးကျောက် ဖြည့်တင်းရန်လိုအပ်နေကြောင်း ပြည်သူများအား အသိပေးမေတ္တာ ရပ်ခံခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးအတွင်း အောင်လံလွှင့်ထူနေသော ကရင်နီဒေသ၌ စနစ်တကျ တပ်ပုံစံကျ က္ပပ်ကဲ မှုစနစ်အားကောင်းစွာဖြင့် တော်လှန်ရေးတပ်သား အင်ပြည့်အားပြည့် ရှိနေသော်လည်း အမြဲတစေ လိုအပ်ချက် ကြီးမားနေသည်မှာ လက်နက်ခဲယမ်းများဖြစ်သည်။
မတ်လ ၂၅ ရက်နေ့၊ ပွင့်စနံနက်ခင်းတွင်လည်း ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးနှင့် ကြာအင်း ဆိပ်ကြီးမြို့နယ်တို့အတွင်း KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်က စစ်ကောင်စီ စစ်ရေးပစ်မှတ်မျာ ကို ဝင်ရောက်စီးနင်းခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အသာစီးအနေအထားရရှိခဲ့သည်။
KNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များမှာ စစ်ရေးအတွေ့အကြုံသမာရင့်။တိုင်းရင်းသား လက်နက်ကိုင်များက လေ့ကျင့်ပျိုးထောင်ပေးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုသည်မှာလည်း အမိန့်ပေးကွပ်ကဲမှုစနစ်အောက်တွင် တိုက်ပွဲအတွေ့အကြုံပင် အတန်အသင့်ရှိနေပြီဖြစ်သလို တိုက်ပွဲဝင်နိုင် သည့်ရဲဘော်များ အင်ပြည့်အားပြည့်။
စစ်ကောင်စီတပ်တို့၏ ထုံးစံအတိုင်း မြေပြင်တိုက်ပွဲများစွာတွင် လူးလိမ့်နေလေ့ရှိသလို လူးလိမ့်သည့် အကြိမ်တိုင်းတွင်လည်း ဆက်သွယ်ရေးစက်ဖွင့်ကာ ကူပါကယ်ပါ လေယာဉ်များ မြန်မြန်လာကြရန် တောင်းဆို မြဲဖြစ်သည်။လေကြောင်းပစ်ကူ ရောက်ရှိလာပြီဆိုလျှင်လည်း တော်လှန်ရေးအင်အားစုများ၏ တစ်လမ်းတည်းသောခုခံမှုမှာ ကသောကမျော ပြန်လည်ဆုတ်ခွာရခြင်းဖြစ်ပြီး လေယာဉ်ပစ်လက်နက်များ ရှိနေပြီဆိုသည့် NUG အစိုးရပြောခွင့်ရတို့၏စကားမှာ ကြံကြံဖန်ဖန်ကြွားလုံးထုတ်မိခဲ့သလားဟု ထင်မှတ် ရ လောက် အောင် ပျောက်ဆုံးလျက်ရှိသည်။
တော်လှန်ရေးအင်အားစုများ၏ အဓိက အားနည်းချက်မှာ လက်နက်ခဲယမ်းပင်ဖြစ်သည်။စစ်ကောင်စီ တပ်တွင် ခေတ်မီလက်နက်မျိုးစုံအပြင် လေကြောင်းအားသာချက်ဖြင့် ကျည်စိတ်ကြိုက်ဖြုန်းနိုင်သော်လည်း တော်လှန်ရေးအင်အားစုများမှာမူ ကျည်တစ်တောင့်တန်ဖိုးကို စိတ်တွက်တွက်ကာ လက်ညှိုးတစ်ချက်ကွေးရန် ပင်စဉ်းစားနေရသေးသည်။
မတ်လ၈ရက်နေ့၊ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက ထုတ်ပြန်လိုက်သော ထောက်လှမ်းရေး အကဲဖြတ်ချက် နှစ်ပတ်လည်အစီရင်ခံစာ၌ စစ်ကောင်စီကို ဆန့်ကျင်နေသည့် အတိုက် အခံ အင်အားစုများဘက်က ပြင်ပအကူအညီ လိုအပ်နေသည်ဟုဆို၏။
အမှန်တကယ်ပင် ပြင်ပအကူအညီ အရေးတကြီး လိုအပ်နေသော်လည်း ယနေ့ထိတိုင် နိုင်ငံတကာ အ သိုင်း အဝိုင်း၏အကူအညီမှာ အမေရိကန်၏ စစ်ရေးမဟုတ်သော အကူအညီကလွဲ၍ နတ္ထိဖြစ်သည်။ထို့ကြောင့် ပြည်တွင်းနှင့် ပြည်ပရောက်မြန်မာပြည်သူများ ဇွဲခတ်ရုန်းခြင်းသည် အောင်မြေဆီသို့သွားနိုင်သည့် တစ်ခုတည်း သောလမ်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ပိတ်ဆို့မှုများအရ စစ်ကောင်စီ၏ ဝင်ငွေ ရပေါက်ရလမ်းများ တဖြည်းဖြည်းကျဆင်းလာနေသည်မှာ သေချာသည်။ ထို့ကြောင့် ပစ္စက္ခနွေဦးတော်လှန်ရေး မှာ မည်သူကမည်မျှ တောင့်ခံနိုင်မလဲဆိုသည့်အပေါ်လည်း မူတည်နေသည်။
ခုခံတော်လှန်စစ်မှသည် ထိုးစစ်ဆင်နိုင်ရေးနှင့် အပြီးသတ်အောင်ပွဲသို့ချီနိုင်ရေးမှာ ကျွနိုပ်တို့ပြည်သူတို့ ၏ ထည့်ဝင်တောင့်ခံနိုင်စွမ်းအပေါ် အဓိကတည်မှီနေပေသည်။