စစ်ကောင်စီ၏ ကြောက်မက်ဖွယ်ရာ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ်၊ စုစုပေါင်းအသတ်ခံရသည့် ပြည်သူ ၇၆၆ ဦး ရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ မှတ်တမ်းက ဖော်ပြနေသည်။
ပစ်လိုက်ခတ်လိုက်သည်မှာ ရက်ရက်စက်စက်၊ ၆၄ ကြိမ် မြောက်သော အရပ်သားပြည်သူများအပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ သိပ်မကြာသေးခင် မတ်လ ၁၁ ရက်နေ့ကမှ ပူပူနွေးနွေး။ မတ်လ ၁၁ ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာထဲသို့ စစ်ကောင်စီတပ် ရောက်ရှိလာပြီးနောက် အစဉ် အလာ မပျက် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာ။ဘုန်းကြီး ကျောင်းထဲ ဝင်ရောက်ခိုလှုံ ပုန်းအောင်းနေသော အရပ်သားပြည်သူများအား ဆွဲထုတ်ကာ ဘုန်းကြီးကျောင်း နံရံဘက် နောက်ခံထား၍ ရက်ရက်စက်စက် သေနတ်ဖြင့် ပစ်သတ်ခဲ့။သံဃာ၃ပါးနှင့်ဒေသခံ၁၉ဦး။
ဘာ့ကြောင့် အမျိုးဘာသာသာသနာကို တဖွဖွရေရွတ်၍ မဆုံးသော စစ်ကောင်စီတပ်က ဘုရား၏ သားတော် သံဃာတော်၃ပါးကို အကြောင်းမဲ့သတ်ပစ်ခဲ့ရသနည်း။ ဒေသခံပြည်သူ၁၉ဦးမှာ သာသနာ့နယ်မြေ တွင် ငြိမ်းအေးဖွယ်ရှိမည်အထင်ဖြင့် ရောက်ရှိပုန်းခိုနေခြင်းဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှန်လျှင် ဘုန်းကြီးကျောင်းထဲ အစုလိုက် အပြုံလိုက် ဝင်ရောက်ပုန်းရှောင်နေမည် မဟုတ်ကြောင်း အလွယ်တွက်ဆနိုင်သည်။ သို့သော် စစ်ဘီလူးတို့၏ ကြောက်မယ်ဖွယ်ရက်စက်မှုသည် ဘုရားရိပ်တရားရိပ်ရောက်ရှိနေသော သာမန်ပြည် သူများ၏အသက်ကိုလည်း အကြောင်းမဲ့ ချမ်းသာမပေး။
မတ်လ၁ရက်နှင့် ၂ရက်နေ့တို့တွင်လည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် စစ်ကိုင်းမြို့နယ်၊ တာ တိုင်ရွာ၌ စစ်ကောင်စီတပ် ကျူးလွန်ခဲ့သေးသည်။ စစ်ကောင်စီတပ်သည် ပကဖ ခေါင်းဆောင်တစ်ဦးကို ဖမ်းမိပြီး နောက်ခေါင်းနှင့်ခြေလက် ဖြတ်တောက် ဗိုက်ဖောက်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ရုံတင်မက လူသားဒိုင်း အဖြစ်ဖမ်းဆီးသွားသော အပြစ်မဲ့ ပြည်သူ ၁၆ ဦးကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီ၏ ပြည်သူကိုပစ်မှတ်ထား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို မင်တက်ခဲ့ရသည်။ ဘဝပေါင်းများစွာ နေ့မြင်ညပျောက်နေပြီး အသက်များအလီလီသွေးချောင်းစီးကာ မိမိအသက်ရှင်သန်ရေးအတွက် အားကုန်ကြိတ်မှိတ် ရုန်းကန်နေရသော မြန်မာပြည်သူတို့မှာမူ ထူးပြီး အံ့ဩစရာမရှိ။
၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၉ ကြိမ်၊ ပြည်သူသေဆုံးမှု ၁၄၇ ဦး၊ ၂၀၂၂ ခုနှစ်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၄၄ကြိမ်၊ ပြည်သူသေဆုံးမှု ၅၁၅ ဦး နှင့် ယခုနှစ် အတွင်း မတ်လ ၁၃ ရက်နေ့အထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၁၁ကြိမ်၊ ပြည်သူသေဆုံးမှု ၁၀၃ဦး။
နှစ်အလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကိန်းဂဏန်းများကို ပြန်ကြည့်လိုက်ပါက ၂၀၂၁ခုနှစ် တွင် ၉ ကြိမ် သာရှိခဲ့ရာမှ ၂၀၂၂ခုနှစ်တွင် ၄၄ ကြိမ်နှင့် ၂၀၂၃ခုနှစ် ၃လ ကျော်တွင် ၁၁ ကြိမ် ရှိခဲ့ခြင်းအရ စစ်ကောင်စီတပ်၏ ရက်စက်သောသတ်ဖြတ်မှုများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာကြောင်းပေါ်လွင်နေပေသည်။
ထို့အပြင် မတ်လ၁၁ရက်နေ့၊ ပင်လောင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၏ ထူးခြားချက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ် အစည်းအဝေး ကျင်းပခါနီးအချိန်၌ သတ်ဖြတ်ခြင်းဖြစ်၍ ကမ္ဘာ့အမြင့်ဆုံး အာဏာပိုင်အဖွဲ့ကိုပင် ဂရုမစိုက်ကြောင်း လက်တွေ့ သက်သေပြလိုက်ခြင်းဟုလည်း ဆိုနိုင်သည်။
မတ်လ ၁၃ ရက်နေ့တွင် လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးဆွေးနွေးခဲ့သည်။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ၂၁ရက် နေ့က ချမှတ်ခဲ့သော လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊မရှိ ပြန်လည်သုံးသပ်ကြခြင်းဖြစ်သလို ကုလအတွင်းရေးမှူးချုပ်၏ မြန်မာ့အရေး အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း လုံခြုံရေးကောင်စီသို့ မြန်မာ့အရေး တင်ပြခဲ့ကြသည်။
တံခါးပိတ် အစည်းအဝေးဖြစ်ခြင်းကြောင့် ဆွေးနွေးခဲ့သမျှကို မသိရသော်လည်း မတ်လ၁၆ရက်နေ့၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလအဖွဲ့ဝင်နိုင်ငံများသို့ မစ္စနိုလင်းဟေဇာက မြန်မာ့အရေးအစီရင်ခံရာ၌ စစ်ကောင်စီက ပြီးခဲ့သည့်ဖေဖေါ်ဝါရီတွင် အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် အရပ် သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအပေါ် တိုးမြှင့်လုပ်လာကြောင်း ဆိုခဲ့သည်။
ယင်းပြောဆိုမှုကို နောက်တစ်မျိုးဖွင့်ဆိုရသော် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို စစ်ကောင်စီလိုက်နာဖော်ဆောင်ခြင်းမရှိကြောင်း အဓိပ္ပါယ် ပေါ်လွင်သည်။ထို့အပြင် ပင်လောင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုလည်း ပြောကြား ခဲ့သည်။ မစ္စနိုလင်းဟေဇာ၏ မြန်မာ့အရေးအစီရင်ခံချက်ကို တစ်ကြောင်းတည်း ချုပ်ဆိုရသော် စစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ မြန်မာ့ပြည် သူများ အား သတ်ချင်တိုင်း သတ်နေသည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ၏ မြန်မာ့အရေးဆောင်ရွက်ချက်များမှာ ယနေ့ထိတိုင် ထိရောက်မှုမရှိသည်မှာ မှန်သော်လည်း ထိရောက်မှုရှိသည့် အခြေအနေသို့ ရောက်အောင် တရွေ့ရွေ့လှမ်းနေခြင်းဟု မှတ်ယူရပါမည်။ ထို့ကြောင့် မစ္စနိုလင်းဟေဇာ၏ မြန်မာ့အရေးအစီရင်ခံချက်မှာ ကုလရင်ပြင်ထက်ဝယ် စစ်ကောင်စီ၏ လည်မျိုပေါ် ကြိုးတစ်ချောင်း တပ်လိုက်ခြင်းပင် ဖြစ်သည်။ စစ်ကောင်စီတွင် ဖြေဆေးမရှိတော့သည်မှာ သေချာသည်။
မြန်မာပြည်သူတွေဟာ အာဏာသိမ်း စစ်ကောင်စီအပေါ် လုံးဝအယုံအကြည်မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက မတ်လ ၁၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ မြန်မာ့အရေး လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာသံအမတ်တွေကို မနေ့က တင်ပြခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ စစ်အစိုးရတစ်ရပ်အဖြစ် အာဏာရေရှည်တည်တံ့ခိုင်မြဲဖို့ ရွေးကောက်ပွဲတစ်ရပ်ကျင်းပဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ “ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ မရှိတဲ့၊ ပြည်သူတွေ နိုင်ငံရေးလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေမှာ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ ပိုဆိုးလာနိုင်ပါတယ်။ အာဏာသိမ်းစစ်တပ်အပေါ် မြန်မာလူထုက လုံးဝ အယုံအကြည် မရှိပါဘူး။ စစ်ကောင်စီဟာ အရေးပေါ်အာဏာထိန်းချုပ်ထားတဲ့ အခြေအနေကနေ ရေရှည်မှာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့သာ ရည်ရွယ်တာ ဖြစ်ပါတယ်”
အာဏာသိမ်းစစ်ကောင်စီဟာ အရေးပေါ်ကြေညာထားတဲ့ကာလကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထပ်ပြီးသက်တမ်းတိုးလိုက်ကြောင်း၊ အဲဒီနောက် တိုက်ပွဲတွေ အရှိန်မြှင့်လာပြီး၊ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို တိုးလုပ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
စစ်ကောင်စီဘက်က ဖိနှိပ်မှုတွေ လုပ်နေပေမဲ့ မြန်မာပြည်သူတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ လူငယ်တွေ ဘာကြောင့် လက်နက်ကိုင်တော်လှန်နေရလဲဆိုတာကိုလည်း သူကရှင်းပြခဲ့ပါတယ်။
“ ဖိနှိပ်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံနေရာအတော်များများမှာ ပြည်သူတွေက စစ်ကောင်စီကို အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပွင့်လင်းစ ကာလတိုလေးတစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ မျိုးဆက်တွေ၊ အထူးသဖြင့် လူငယ်တွေဟာ အခက်အခဲတွေ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပြီး စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ ရွေးချယ်စရာ ဘာမှမရှိတော့တဲ့အတွက် စစ်ကောင်စီကို ဆန့်ကျင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ ယုံကြည်နေကြပါတယ်”
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ အဲဒီဆုံးဖြတ်ချက်ထဲမှာပါသလို အကြမ်းဖက်တာတွေ ရပ်မသွားတာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးခြင်းမရှိတာတွေကိုလည်း မစ္စနိုလင်းဟေဇာက ထောက်ပြပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဟာ သူ့အပေါ် သစ္စာခံတဲ့သူတွေလက်နက်ကိုင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ လက်နက်ကိုင်ဥပဒေတွေကို ပြင်ဆင်ပေးခဲ့သလို လက်ရှိမြို့နယ် ၇၄ မြို့နယ်မှာ ၇၄ မြို့နယ်မှာ မာရှယ်လော အမိန့်တွေကို ထပ်ထုတ်ထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
နိုလင်းဟေဇာက သူ့ရဲ့ အစီရင်ခံစာထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထည့်ပြောခဲ့ပါတယ်။ “ ပြန်လည်ခုခံနေတဲ့ တော်လှန်ရေးအဖွဲ့တွေကို စစ်ကောင်စီက အကြမ်းဖက်သမားတွေအဖြစ် စွပ်စွဲထားပေမယ့်၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ထောက်ပြနေပါတယ်။ NUG ဟာ PDF တပ်ဖွဲ့တွေ ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကိုလည်း ရှုတ်ချပြီး၊ လူမဆန်တဲ့လုပ်ရပ်တွေ မလုပ်ကြဖို့ သတိပေးနေပါတယ်။ နှစ်ဖက်စလုံးက တိုက်ခိုက်ရေးအရှိန်မြှင့်နေတာကြောင့် နှစ်ဖက်ညှိနှိုင်းဖို့အလားအလာ ဘယ်လိုမှမဖြစ်နိုင်သေးဘူး”
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာထဲမှာ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်လို့လည်း ထည့်ပြောခဲ့ပါတယ်။ သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့အချိန်မှာ ရိုဟင်ဂျာတွေက အိမ်ပြန်ချင်တယ်လို့ ပြောဆိုကြတဲ့အကြောင်း၊ အဲဒီလို အိမ်ပြန်တယ်ဆိုတာကလည်း လုံခြုံပြီး လွတ်လပ်မှု ရှိတဲ့အခြေအနေဖြစ်မှ ပြန်သင့်ကြောင်း၊ လက်ရှိ စစ်ကောင်စီနဲ့ ရခိုင်တပ်တော် AA တို့ တိုက်ပွဲတွေ ရပ်ထားကြပြီး၊ စစ်ကောင်စီဘက်က ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စတွေက ပြင်ဆင်နေတာတွေ့ရကြောင်း။ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဖြစ်သင့်ပြီး၊ အောင်မြင်တဲ့လုပ်ငန်းစဉ်ဖြစ်ဖို့လိုကြောင်း သူက ပြောဆိုခဲ့ပါတယ်။
မနေ့က ကုလသမဂ္ဂမှာကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးရသူတွေရဲ့ ရုပ်အလောင်းပုံတွေကို ပြသခဲ့သလို၊ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။
“ လက်နက်တွေ၊ လေယာဉ်ဆီတွေ၊ ငွေကြေးတွေ စစ်ကောင်စီလက်ထဲရောက်နေတာကို ရပ်တန့်အောင် လုပ်ခြင်းအားဖြင့် အသက်တွေကို ကယ်တင်ကြပါလို့ တောင်းဆိုချင်တယ်။ လူသားချင်းစာနာမှု အကူအညီတွေကို တကယ်လိုအပ်နေတဲ့သူတွေဆီ တိုက်ရိုက်ရောက်အောင် နယ်စပ်ကနေတစ်ဆင့်ပို့ပေးဖို့၊သက်ဆိုင်ရာနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကာကွယ်ပေးဖို့၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်သူတွေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသူတွေကို အရေးယူပေးဖို့၊ ICC ဒါမှမဟုတ် ICJ နိုင်ငံတကာ တရားရုံးတွေကို လွှဲပြောင်းပေးဖို့၊ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို လက်မခံဖို့၊ စစ်ကောင်စီကျင်းပမယ့် အရှက်မဲ့တဲ့ ရွေးကောက်ပွဲကို လက်မခံကြဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်၊ NUCC ၊ တိုင်းရင်းသားအဖွဲ့တွေအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ကြဖို့ ကုလအဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုင်ငံတကာကို တောင်းဆိုချင်ပါတယ်”
မစ္စနိုလင်းဟေဇာဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာပြည်ရောက်လာပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။
အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ခေါင်းဆောင်က ခွင့်မပြုခဲ့ပါဘူး။ မနေ့က အစီရင်ခံစာတင်သွင်းပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်ထပ်သွားဖို့ ရှိသေးလားလို့ သတင်းထောက် တစ်ယောက်က မေးမြန်းတာကို သူကအခုလိုဖြေခဲ့ပါတယ်။
“ ကျွန်မဘယ်တော့ပြန်သွားမလဲဆိုတော့ အဓိပ္ပါယ်မရှိဘဲနဲ့တော့ ကျွန်မပြန်မသွားပါဘူး။ ကျွန်မတကယ်လုပ်ခွင့်ရမယ်ဆိုရင် ကျွန်မတကယ်ကို အပြောင်းအလဲထဲမှာ ပါလို့ရမယ်။ အပြောင်းအလဲလုပ်လို့ရမယ်ဆိုရင် ကျွန်မသွားပါမယ်”
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိနေပြီး၊ အားလုံးနဲ့ တွေ့ဆုံနိုင်ရေးက သူ့အတွက် အရေးကြီးတယ်လို့လည်း ပြောသွားပါတယ်။