နှစ်ပေါင်း ၆၀ ကျော်ကြာ မျိုးဆက်သုံးဆက်တာ အာဏာရှင်များ အဆက်ဆက် အမှောင်ပိန်းနေသော တွင်းနက်ကြီးထဲ ရုန်းကန်ဖြတ်သန်ခဲ့ရ။ မြန်မာပြည်သူတို့မှာ လူ့အဖြစ် အစစအရာရာ အောက်ကျနောက် ကျခဲ့ရသော်လည်း အာဏာရှင်ဗေဒနှင့် နိုင်ငံရေးသမားဆိုသူတို့ အကြောင်းကိုမူ သွေးထဲသားထဲမှနေ၍ ဝမ်း တွင်းသိ ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြသည်။
ပထမအာဏာရှင်လက်ထက် ဗိုလ်ချုပ်ကြီးနေဝင်းက ယူနီဖောင်းချွတ် ခေါင်းပေါင်းစွပ်ကာ ဦးနေဝင်း ထံသို့ အာဏာလွှဲပြောင်းပေးလိုက်သည့်အခါ မြန်မာပြည်သူတို့မှာ အာဏာရှင်တို့၏ အာဏာနှင့်ပတ်သက်လာ လျှင် အရှက်အကြောက်ကင်းမဲ့ပုံကို အရှင်လတ်လတ်တွေ့မြင်ခဲ့ရသလို ထူးပြီးရင်ခုန်စရာမဟုတ်မှန်း ကောင်း ကောင်းသိခဲ့ကြသည်။
သေနတ်ပစ်တတ်လျှင် မည်သည့်အရာကိုမဆို လုပ်နိုင်သည်ဟု သွေးနားထင်ရောက်ခဲ့သော စစ်အာဏာရှင်တို့လက်ထဲတွင် ရွှေရောင်တောက်ခဲ့သော မြန်မာနိုင်ငံမှာ တဖြည်းဖြည်း အရောင်များမွဲလာရုံတင်မက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ငရဲသို့ ဇောက်ထိုးဆင်းခဲ့ကြောင်း မြန်မာပြည်သူတို့ ဘဝနှင့်ရင်းပြီး သိရှိခဲ့ရသည်။ အာဏာရှင်တို့ ဗိုလ်ကျနေသောတိုင်းပြည်တွင် လောကဓံမျိုးစုံကိုသာ ရရှိခံစားရမည်ဖြစ်ကြောင်း လည်း ပြည်သူတို့ ဆတ်ဆတ်ခါ သိခဲ့ကြသည်။
ရှစ်လေးလုံး အရေးတော်ပုံမတိုင်မီ ပစ္စက္ခမြန်မာနိုင်ငံစီးပွားရေး အကြောင်း ရှင်းရှင်းပြတ်ပြတ် ဝေဖန်ခဲ့သော ၄၁ မျက်နှာစာတမ်းဖြင့် ပြည်သူများကြားထင်ရှားလာခဲ့သူ ဦးအောင်ကြီး(ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး) မှာ ‘တပ်မတော်ကို စိတ်နဲ့တောင်မပစ်မှားနဲ့’ဆိုသည့် စကားပြောကြားပြီးပြီးချင်းမှာပင် မြန်မာပြည်သူတို့က စမူဆာအောင်ကြီး ဟု နာမည်ပြောင်ပေးကာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ်မှ ချွင်းချက်မရှိ ဖယ်ထုတ် ခဲ့ကြသည်။
မြန်မာပြည်သူတို့က ဦးအောင်ကြီးကို အာဏာရှင်နှင့်မကင်းရာမကင်းကြောင်းဟု သူတို့၏ဝမ်းတွင်းသိ ဖြင့် အမှတ်အသားကြီးခဲ့ခြင်းဖြစ်သည်။ ဦးအောင်ကြီးသည် NLDပါတီ ဥက္ကဌအဖြစ်မှ နှုတ်ထွက်ခဲ့ရပြီးနောက် ပြည်ထောင်စုအမျိုးသားဒီမိုကရေစီပါတီ ကိုတည်ထောင်ကာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲဝင်ခဲ့ရာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး နိုင်ငံရေးလောကမှ ထွက်ခွာခဲ့ရသည်။
ယခုနောက်ပိုင်းထွက်ပေါ်လာသော အချက်အလက်များအရ ဦးအောင်ကြီးသည် NLDဥက္ကဌတာဝန်ယူ ထားသည့်အချိန်မှာပင် အာဏာသိမ်းစစ်အစိုးရအသက်ဆက်နိုင်ရေးအတွက် နိုင်ငံတကာအကူအညီတောင်းခံရာ၌ ပါဝင်ခဲ့ကြောင်းသိရှိရ၍ မြန်မာပြည်သူတို့က စမူဆာအောင်ကြီးအဖြစ် ခေါ်တွင်ခြင်းနှင့် အာဏာရှင်များ နှင့်မကင်းရာမကင်းကြောင်းအဖြစ် သတ်မှတ်ချက်မှာ သွေးထွက်အောင်မှန်ကန်ကြောင်း သက်သေခံနေပေ သည်။
ဒုတိယအာဏာရှင်သန်းရွှေလက်ထက်တွင် ပြင်းထန်သော ဖိနှိပ်မှုမျိုးစုံကို ခါးစည်းခံခဲ့သော မြန်မာ ပြည်သူတို့သည် ၎င်းတို့နှလုံးသားထဲ ပွင့်နေသော ဒီမိုကရေစီပန်းပွင့်ကို အသေမခံ၊အညှိုးမခံဘဲ ရှင်သန် အောင် စောင့်ရှောက်ပျိုးထောင်ခဲ့ကြသည်။
ဒုတိယအာဏာရှင်လက်ထက် နိုင်ငံရေးမျက်လှည့်များကို ကြုံခဲ့ရသော်လည်း ပုံပြင်များကို အယုံမလွယ်ဘဲ ဟားတိုက်ခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားအမည်ခံ အာဏာရှင်ဘက်တော်သားများ ထွက်ပေါ် လာသော်လည်း မြန်မာပြည်သူတို့ အရေးအရာမလုပ်ခဲ့ပေ။
ထို့နောက် ဒုတိယအာဏာရှင် တည်ထောင်ခဲ့သော ပြည်ခိုင်ဖြိုးအသင်းမှသည် ပြည်ခိုင်ဖြိုးပါတီ။ ဒီမိုကရေစီ ရွှေပြည်ကြီးဆီ ပြည်ခိုင်ဖြိုးပါတီကသာ ပို့ဆောင်ပေးနိုင်မည်ဟု ဖုန်တထောင်းထောင်းထ ဝါဒဖြန့်ခဲ့ကြ သော်လည်း မြန်မာပြည်သူတို့ကို ဟာဒယရွှင်ဆေး တိုက်ကျွေးနေသလို။
ဒီမိုကရေစီ လက်သီးလက်မောင်း တန်းခဲ့သူတချို့ အာဏာသိမ်းစစ်အုပ်စုထံ ဒူးထောက်ကာ မတရား အာဏာ ငါးပြား၊ဆယ်ပြား ရရှိသွားတော့လည်း ပြည်သူတို့ ပါးစပ်အဟောင်းသားမဖြစ်သလို ခေါင်းထဲအလေးခံ ထည့်ရမည်ဟုလည်း မထင်မိ။
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တချို့က နိုင်ငံရေးနည်းလမ်းဖြင့်သာဖြေရှင်းမည်ဟုဆိုတော့ အ ဘယ့်ကြောင့် ထိုစကားထွက်လာသလဲဆိုသည်ကို သိပြီးသား။ယခု နောက်ဆုံးပေါ် စစ်ကောင်စီပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲသို့ ဒူးထောက်လက် မြှောက်ပြီး ဝင်ရောက်ရန် ခတ်ကွင်းပြင်နေသူများက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုခြင်းကြောင့်ဟု ဆိုပြန်လေရာ ပြည်သူတို့ခမျာ ကိုယ့်သေတွင်းကိုယ် နက်နက်သာတူးကြဟု ပြန်ပြောရန်ကလွဲ အခြားမရှိ။
ပြည်သူတို့သည် နှစ်ပေါင်း၆၀ကျော် အတွေ့အကြုံများအရ မည်သို့သော မျက်နှာဖုံးကိုမဆို အလွယ် တကူ ခွာချနိုင်စွမ်းရှိပြီးသား။အမှန်နှင့်အမှား အ လွယ်တကူ ခွဲခြားပိုင်းဖြတ် နိုင်စွမ်းရှိပြီးသား။ ပြည်သူကို လျှော့တွက်မိလျှင် ၁၀ဘဝ ၁၀ကမ္ဘာ အမှားကြီးမှားသွားမှာ သေချာသည်။ ထို့ပြင် ပြည်သူဆိုသည်မှာ ကတ္တီပါလက်အိတ်စွပ်ထားသော သံလက်သီးဆိုသည်ကိုလည်း မမေ့လျော့ကြရန် လိုပေမည်။