၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော လူထု အုံကြွမှု ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ယခု ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ၃၄ နှစ်ရှိပြီ ဖြစ်ပါသည်။
အဆိုပါ ရှစ်လေးလုံး အရေးတော်ပုံကြီးကနေ တစ်ပါတီ အာဏာရှင် စနစ်ကို ဖြိုချနိုင်ခဲ့သော်လည်း နိုင်ငံ့ အာဏာကို စစ်တပ်က ဆက်လက် သိမ်းယူလိုက်ပြီး စစ်အာဏာရှင် စနစ်ကို အသက်သွင်းခံခဲ့ရပါသည်။
နိုင်ငံတစ်ဝန်းလုံး သတင်း မီဒီယာလောက အပါအဝင် အမှောင်ခေတ်ကို ရောက်ရှိခဲ့ရပါသည်။
ယခု ရှစ်လေးလုံး ၃၄ နှစ်မြောက် အချိန်ကာလတွင်လည်း အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းလိုက်၍ သတင်းမီဒီယာ အမှောင်ခေတ်ကို ပြန်လည် ရောက်ရှိနေရပါသည်။
သတင်းမီဒီယာ တိုက်တချို့ကို လုပ်ကိုင်ခွင့် လိုင်စင် ပိတ်သိမ်းမှုများ၊ မြေပြင်မှာ သတင်း သမားများ သတင်းယူခွင့် ကိုလည်း တင်းကျပ် ပိတ်ပင် တားဆီးမှုများ၊ ဖမ်းဆီး ထောင်ချမှုများကို ဆက်တိုက် ပြုလုပ်လာခဲ့ပါသည်။
လိုင်စင်ပိတ်သိမ်း ခံခဲ့ရသည့် မီဒီယာပေါင်း ၁၁ ခုရှိပြီး ခေတ္တရပ်နားခဲ့ရသော မီဒီယာ တချို့ရှိသလို ကျန်သော လွတ်လပ်သည့် သတင်း မီဒီယာများကိုလည်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက ပြည်ဖျက် မီဒီယာများဟု အပုပ်ချ ပြောဆိုမှုများ ပြုလုပ်နေပါသည်။
မကြာသေးခင်ကပင် မဲခေါင် သတင်းဌာနက အလွတ်သတင်းထောက် ကိုမောင်မောင်မျိုးကို ကရင်ပြည်နယ် အတွင်းမှာ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက် ပုဒ်မ နှင့် ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီ ၏ လက်ပါးစေများက ရန်ကုန် ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲကို တမင် ကားနှင့်တိုက် ဖြိုခွဲသည့် လူမဆန်သော လုပ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။
ထို ဖြစ်စဉ်တွင် လူငယ် ၅ ဦးခန့် ဒဏ်ရာရရှိပြီး ၁၅ ဦးခန့် ဖမ်းဆီးခံခဲ့ရပါသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က ကားနှင့်တိုက် ဖြိုခွဲရာမှာ MPA သတင်းဌာနမှ သတင်းယူနေသည့် ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်း နှင့် ရုပ်သံ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း တို့လည်း ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဖမ်းဆီး ခံခဲ့ရပါသည်။
ရှစ်လေးလုံး ၃၄ နှစ်မြောက်၏ သတင်း မီဒိယာလောက လက်ရှိ အခြေအနေတချို့ ဖြစ်ပါသည်။
အဆိုပါ ရှစ်လေးလုံး အရေးအခင်းကာလ စစ်အာဏာ မသိမ်းခင်အချိန် တစ်လခန့်တွင် သတင်းစာ လွတ်လပ်ခွင့် အပြည့် ရရှိခဲ့ဖူးသည်ကိုလည်း အမှတ်ရမိပါသည်။
၁၉၈၈ အရေးတော်ပုံကာလ အတွင်းက သတင်းစာများသည် ၈၈ အရေးတော်ပုံ၏ အာဘော်ဖြစ်သည်ဟု ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကလည်း ပြောဖူးပါသည်။
၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့သည့် အဆိုပါ သမိုင်းဝင် ဒီမိုကရေစီ အရေးအခင်းကြီးသည် မတ်လ ခန့်ကနေ စတင်ပြီး တဖြည်းဖြည်း အရှိန်မြင့်လာခဲ့ရာ သြဂုတ်လတွင် အရှိန်အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပါသည်။
ထို သြဂုတ်လ အတွင်းကနေ စစ်အာဏာသိမ်းသည့် စက်တင်ဘာလ ၁၈ ရက်နေ့အထိ သတင်းစာ လွတ်လပ်ခွင့် ရရှိခဲ့သည်ဟု ဆိုချင်ပါသည်။
ပုဂ္ဂလိက သတင်းစာများရော နိုင်ငံပိုင် သတင်းစာများပါ ၈၈ အရေးအခင်းနှင့် ပတ်သက်သော သတင်းများကို ရေးသား ဖော်ပြ နိုင်ခဲ့ကြပါသည်။
ထိုကာလသည် သတင်းစာများ အဝေစည်ဆုံးကာလ ဖြစ်ခဲ့သည်ဟုလည်း ဆိုရပါမည်။
ထိုအချိန်က မြန်မာ စာနယ်ဇင်းသမားများသည် နိုင်ငံတဝန်း ဖြစ်ပေါ်နေသော ဖြစ်ရပ်များကို လက်လှမ်း မီသရွေ့ မှတ်တမ်း တင်နိုင်ခဲ့ကြပါသည်။
နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာကြီးများမှာ ဗိုလ်တထောင်၊ လုပ်သား ပြည်သူ့နေ့စဉ်၊ မြန်မာ့ အလင်း၊ ကြေးမုံ သတင်းစာများ ဖြစ်ပါသည်။
မြို့ကြီးများ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးက ပုဂ္ဂလိက စာနယ်ဇင်းသမားများကလည်း ဝရဇိန်၊ ပြည်သူ့အမြင်၊ ဒို့အရေး၊ ခေတ်ဦး၊ ဒို့ခေတ်၊ ရှစ်လေးလုံး (မန္တလေး စာပေ နှင့် အနုပညာ အဖွဲ့က ထုတ်ဝေ) အမည်များနှင့် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေကာ ၈၈ အရေးအခင်း ဖြစ်ရပ်များကို မှတ်တမ်း တင်နိုင်ခဲ့ကြပါသည်။
ယခု ပြောပြသည့် သတင်းစာ အမည်များထက် ပိုမို အများအပြား ရှိနေပါသေးသည်။ တချို့ အမည် အတိအကျ မမှတ်မိ၍ မဖော်ပြနိုင်ခြင်း ဖြစ်ပါသည်။
အနယ်နယ် အရပ်ရပ်က ကျောင်းသားများ နှင့် ရဟန်းရှင်လူ အရပ်သား ပြည်သူများ။ တပ်မတော် သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် လူထုလူတန်းစား အလွှာ ပေါင်းစုံဟာ “ဒီမိုကရေစီ ရရှိရေး တို့အရေး” အစရှိသည့် ကြွေးကြော် သံများကို အော်ဟစ် တိုင်တည် တောင်းဆိုရင်း တပါတီ အာဏာရှင် စနစ် ပျက်သုဉ်းရေး၊ မွေးရာပါ အခွင့်အရေးများ ရရှိရေး အတွက် လမ်းမများပေါ် အလုံးအရင်းနှင့် ထွက်ပေါ်လာသည့် ဆန္ဒပြပွဲ သတင်းများကို ဖော်ပြနိုင်ခဲ့ကြပါသည်။
နိုင်ငံ့အာဏာကို ၂၆ နှစ်ခန့် ချုပ်ကိုင်ထားသော တပါတီ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းသည် အာဏာကို လက်လွှတ် ခဲ့ရပါသည်။
သမ္မတ အဖြစ် ဦးစိန်လွင်၊ ဒေါက်တာ မောင်မောင် စသည့် အပြောင်းအလဲများ ဖြစ်ခဲ့သော သတင်းများ၊ ဒီမိုကရေစီရေး ဆန္ဒပြ တောင်းဆိုသည့် ပြည်သူများဘက်က ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် နှင့် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီး ဒေါ်အောင်ဆန်း စုကြည် အပါအဝင် မင်းကိုနိုင် အစရှိသော ကျောင်းသား ခေါင်းဆောင်များ ရှေ့ထွက် ရပ်တည်ခဲ့သည့် သတင်းများကို လည်း ရေးသား ဖော်ပြခဲ့ကြပါသည်။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦး၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီး ယာယီဖွဲ့စည်းသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့သတင်းများ၊ ဦးနု စင်ပြိုင် အစိုးရ ထောင်သော သတင်း၊ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက စစ်တပ် အာဏာသိမ်းမှုကို မကြိုက်၍ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခြင်း ဖြစ်သည် ဆိုသော သတင်းစာ ရှင်းလင်းပွဲ သတင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးနု စင်ပြိုင် အစိုးရ ထောင်မှုကို အံ့သြသည် ဟူသော သတင်းစာ ရှင်းလင်းပွဲ သတင်းများကို သတင်းစာ မျက်နှာဖုံးများမှာပါ ဓာတ်ပုံနှင့် ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ကြပါသည်။
ကျောင်းသား သမဂ္ဂ နှင့် သမဂ္ဂ အဖွဲ့အစည်းပေါင်းစုံ သတင်းများ၊ အမေရိကန် အောက်လွှတ်တော် အမတ် မစ္စတာ စတီဖင် ဂျေ ဆိုလာ့ဇ် နှင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဒေါက်တာ မောင်မောင် တို့နှင့် တွေ့သည့် သတင်း စသော ထိပ်ပိုင်း သတင်းများကိုလည်း သတင်းစာ အားလုံးလိုလိုက ရေးသားခဲ့ကြပါသည်။
ကျောင်းသားများ သွေးမြေကျခဲ့ရသည့် အင်းလျားကန်အနီးက တံတားဖြူ နေရာအား တံတားနီ အမည်ပြောင်းသော သတင်းကို နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက မျက်နှာဖုံးသတင်း အဖြစ် ဖော်ပြခဲ့သည်ကိုလည်း အမှတ်တရ ရှိပါသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နဝတ၊ နအဖ စစ်အစိုးရများ လက်ထက်တွင် အဆိုပါ သတင်းစာ လွတ်လပ်ခွင့်များ ဆိတ်သုဉ်း ပျောက်ကွယ် သွားခဲ့ရပါတော့သည်။
၁၉၈၈ အရေးအခင်း မတိုင်ခင် ၁၉၆၂ ခုနှစ်က စတင်သည့် မဆလ ခေတ်ကလည်း သတင်းစာ လွတ်လပ်ခွင့် အပြည့်အဝ မရှိခဲ့ပါ။
၁၉၆၂ ခု စစ်အာဏာသိမ်းမှု မတိုင်ခင်က မြန်မာနိုင်ငံတွင် သတင်းစာပေါင်း ၃၀ ကျော်ရှိကြောင်း သိရပါသည်။
မြန်မာနှင့် အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ဝေသည့် ထိပ်တန်း သတင်းစာများအပြင် တရုတ်ဘာသာဖြင့် ထုတ်သည့် သတင်းစာ ၅ စောင်၊ ဟင်ဒီဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာ ၂ စောင်၊ အူရဒူ၊ တမီလ်၊ တယ်လူဂူ နှင့် ဂူဂျရတ်တီ ဘာသာ စကားများဖြင့် ထုတ်ဝေသည့် သတင်းစာ တစ်စောင်စီရှိပြီး ရှမ်း၊ ကချင်၊ ကရင်နှင့် အခြားတိုင်းရင်းသား ဘာသာ စကားများဖြင့် ထုတ်ဝေသည့် မဂ္ဂဇင်းများ၊ စာစောင်များ မပါဝင်သေးကြောင်း ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာ ဘာတေးလ် လစ်တ်နာ (Bertil Lintner) က ဆောင်းပါး တစ်ပုဒ်တွင် ထည့်သွင်း ရေးသားဖူးသည်။
၁၉၆၄ မှာ ဗိုလ်ချုပ်ကြီး နေဝင်း စစ်အုပ်စုက ပြည်သူပိုင်သိမ်းရာတွင် အဆိုပါ ပုဂ္ဂလိက သတင်းစာများ အားလုံးကိုလည်း ပိတ်ပင်လိုက်ပြီး ပိုင်ဆိုင်မှုများကိုပါ သိမ်းယူလိုက်သည်။
Working People’s Daily နှင့် လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာ၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်သည့် Guardian ၊ ကြေးမုံ နှင့် ဗိုလ်တထောင် စသည့် အခြားသတင်းစာ ၃ စောင်ခန့်သာ ရှိတော့ရာ ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေး ကောင်စီ က နိုင်ငံပိုင်သိမ်းထားပြီး ဖြစ်၍ လွတ်လပ်သော သတင်းစာများလည်း မဟုတ်တော့ပါ။
၁၉၈၈ ခုနှစ် အရေးအခင်းမှာ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာ လက်လွှတ်ခဲ့ရပြီး စစ်အာဏာ သိမ်းပြီးနောက်တွင် သတင်းစာ လွတ်လပ်ခွင့်ကို ပိုမိုဆိုးဝါးစွာ တင်းကျပ် ပိတ်ပင် တားဆီးမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုစဉ်က ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေး ဌာနက အဓိက ကိုင်တွယ်ခဲ့ခြင်း ဖြစ်ပါသည်။
၂၀၁၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာသည့် အရပ်သား အစိုးရ အမည်ခံ စစ်ယူနီဖောင်းချွတ်ပြီး တိုက်ပုံဝတ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ သတင်းစာ လွတ်လပ်ခွင့် ရောင်နီလေး သန်းခဲ့သည်ဟု ဆိုရပါမည်။
ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် တချို့ကို ခွင့်ပြုခဲ့ပြီး သတင်းသမားများ အခွင့်အရေး အတွက်ဟု ဆိုကာ သတင်းမီဒီယာ ကောင်စီကဲ့သို့ အဖွဲ့အစည်းမျိုး ဖွဲ့စည်းပြီး သတင်းမီဒီယာ ဥပဒေ ရေးဆွဲခြင်းမျိုးအထိ လုပ်ဆောင်မှုများ ရှိလာခဲ့ပါသည်။
တဖက်ကလည်း အင်တာနက် အသုံးတွင်ကျယ်လာသည့် အပေါ် ထိန်းချုပ်နိုင်ရန် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေကိုလည်း ရေးဆွဲပြဌာန်းခဲ့သည်။
အီလက်ထရွန်နစ် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) နှင့် အရေးယူမှုများလည်း ရှိခဲ့ပါသည်။
ထို သတင်းမီဒီယာ ကိစ္စရပ်များကို သက်တမ်း ၅ နှစ်ခန့်ရှိ NLD အစိုးရ လက်ထက်အထိ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။
သို့သော်လည်း ယခုကာလ သတင်းစာ လွတ်လပ်ခွင့်က အဆများစွာ ပိုမိုဆိုးဝါးလွန်းလှသည် မဟုတ်ပါလား။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံ့အာဏာ သိမ်းယူလိုက်ပြီးနောက် လွတ်လပ်သည့် သတင်းဌာနများ နှင့် သတင်းသမားများစွာ နိုင်ငံပြင်ပတွင် နွေဦး တော်လှန်ရေးနှင့် အတူ အဝေးရောက် သတင်းသမားများ ဖြစ်ခဲ့ကြရပါသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား ၁၆၆ ဦး ဖမ်းဆီးခံခဲ့ရပြီး တချို့ ပြန်လည် လွတ်မြောက် ခဲ့သော်လည်း သတင်းသမား ၅၀ ကျော် ထောင်ဒဏ် ချမှတ်ခံရခြင်း၊ ဆက်လက် ချုပ်နှောင် တရားစွဲဆိုခြင်းများကို ရင်ဆိုင် နေရဆဲ ဖြစ်ကြောင်း၊ အလွတ်တန်း ဓာတ်ပုံ သတင်းထောက် ကိုစိုးနိုင်၊ အေစိုင်းကေ (ခ) စိုင်းဝင်းအောင် နှင့် ချင်းတိုင်းရင်းသား သတင်းသမား Pu Tuidim တို့ ၃ ဦးမှာလည်း စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ကြရကြောင်း Myanmar Press Freedom In-Depth အဖွဲ့၏ စာရင်းများအရ သိရပါသည်။
နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF) ၏ ၂၀၂၂ အတွင်း ထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၆ တွင် ရှိနေပြီး တရုတ်နိုင်ငံပြီးလျှင် သတင်းထောက် များအား ဖမ်းဆီး ထောင်ချမှု အများဆုံး နိုင်ငံများတွင်လည်း ဒုတိယ နေရာတွင် ရှိနေကြောင်း ဖော်ပြထားပါသည်။
ထိုအချက်အလက်များသည် မြန်မာ သတင်း မီဒီယာလောက အမှောင်ခေတ်တွင် ရောက်ရှိနေကြောင်း ဖော်ပြချက်များပင် ဖြစ်ပါသည်။
သို့ပါသော်လည်း မြန်မာ သတင်းသမားများကမူ အစဉ်အလာ ရှိသည့်အတိုင်း အများပြည်သူ သတင်း အချက်အလက် သိရှိပိုင်ခွင့်နှင့် သတင်း လွတ်လပ်ခွင့် (Freedom of Expresion) တို့အတွက် ဆက်လက် တိုက်ပွဲ ဝင်နေကြရဦးမည် မဟုတ်ပါလား….။ ။