မြိတ်မြို့၊ မြိတ်အကျဉ်းထောင်အတွင်း ယနေ့ ထောင်တွင်းတရားရုံး၌ ရုံးထုတ်လာသည့် အချုပ်သား အချို့အနက် ပြီးခဲ့သည့် ရက်ပိုင်းက Kaung4U ကျောင်း သတင်းအချက်အလက်ပေါက်ကြားမှုကြောင့် ဖမ်းဆီးခံရသည့် ဆရာ/ဆရာမ အချို့ စစ်ကြောရေး၌ အပြင်းအထန် ရိုက်နှက် စစ်ဆေးခံထားရသည်ကို တွေ့ရှိရကြောင်း ယင်းထောင်ရှိ ထောင်ဝန်ထမ်းများထံမှ သိရသည်။
Kaung4U ကျောင်း သတင်းအချက်အလက်ပေါက်ကြားမှုကြောင့်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် CDM ဆရာ/ဆရာမ ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံ မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရပြီး မြေပြင်တွင် ဖမ်းဆီးခံရသူအရေအတွက်မှာ ယင်းထက် ပိုများ နိုင်ကြောင်း မြိတ်ဒေသခံ သတင်းအရင်းမြစ်များထံမှ သိရသည်။
မြိတ်ထောင်နှင့် နီးစပ်သူတစ်ဦးက “ ဒီနေ့ မြိတ်အကျဉ်းထောင်က ထောင်တွင်းတရားရုံး ရုံးထုတ်လာတဲ့ အထဲမှာ CDM ဆရာ/ဆရာမ တချို့ပါတယ်၊ သူတို့ကို စစ်ကြောရေးမှာ စရဖတွေက ရိုက်နှက်စစ်ဆေးထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ အများကြီးတွေ့ရတယ် ” ဟု ပြော သည်။
အဆိုပါ မြိတ်အကျဉ်းထောင်ရှိ ထောင်တွင်းတရားရုံး၌ ယနေ့ ရုံးထုတ်သူ ၁၀ ဦး တစ်တွဲတွင် CDM ဆရာ/ဆရာမ လေးဦးပါရှိခြင်းဖြစ်ပြီး ကျန်ရှိသည့်သူများသည် မည်သူမည်ဝါဖြစ်သည်ကို မသိရသော်လည်း အခြားအမှုတွဲများ ဖြစ်နိုင်ကြောင်း မြိတ်အကျဥ်းထောင်ဝန်ထမ်းအချို့ထံမှ သိရသည်။
၎င်း ရုံးထုတ်လာသည့် CDM ဆရာ/ဆရာမတို့အား တရားလိုသက်သေထွက်ဆိုရန် တရားရုံးသို့ ရောက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဆိုသူတစ်ဦးက တရားရုံးပေါ်တွင် ဆဲရေး တိုင်းထွာပြီး ” မင်းတို့ကောင်တွေ လုပ်တုန်းကလုပ်ပြီး ဘာလဲ၊ ဘာလို့ အခုမှ ဝန်မခံတာလဲ။ အလုပ်ရှုပ်အောင် လုပ်တဲ့ ကောင်တွေ ” ဟု အော်ဟစ် ပြောဆိုခဲ့ကြောင်း ယင်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။