စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့အပါအဝင် တိုင်းဒေသကြီး ၅ ခုတွင် မြို့ပြပျောက်ကြား စစ်ဆင်ရေးလုပ်ဆောင်သည့် အာဏာရှင် တော်လှန်ရေး ပြည်သူ့ တပ်မတော် (DRPA)၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး အဖွဲ့ချုပ် ဗဟိုအမှုဆောင်ကော်မတီ၏ အထွေထွေ အတွင်းရေးမှူး ကိုလင်းသန့်နှင့် MPA က ဆက်သွယ်မေးမြန်းခဲ့ပါသည်။
DRPA သည် ဧပြီလ ၂၈ ရက်နေ့ကတည်း စတင်ထူထောင်ခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် အစောဆုံးစတင်ခဲ့သည့် အဖွဲ့များအနက် တစ်ခုအပါအဝင် ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်နေသည့် DRPA အနေဖြင့် နိုင်ငံရေး ဦးဆောင်မှုလုပ်ငန်းများအတွက် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ထောင်ရေး Federation of the Establishing Federal Democratic Union ကို အောက်တိုဘာလ ၂၀ ရက်တွင် စတင်တည်ထောင်ခဲ့သည်။
မေး။ ။ DRPA အဖွဲ့စတင်ဖြစ်တဲ့အကြောင်းကို အရင် ပြောပြပေးပါဦး
ဖြေ။ ။ ဧပြီလ၂၈ရက်နေ့မတိုင်ခင်မှာ ကျနော်တို့က အဓိက လူငယ်ကျောင်းသား တွေပါတယ်။ လူလတ်ပိုင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်ပညာ သင်ခဲ့ တာက မတ်လအလယ်လောက်ကနေ စပြီးတော့ သင်ကြတယ်။ သင်ပြီးတော့မှ ဧပြီလ ကုန်ခါနီး လောက်မှာ ကျနော်တို့ လွတ်မြောက်နယ်မြေမှာ ရောက်နေတဲ့ တော်လှန်ရေး ရဲဘော်တွေ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ ကျောင်းသားလူငယ်တွေနဲ့ အဓိကစပြီးတော့မှ တည်ထောင်တယ်။ အဲဒီကနေစပြီးတော့မှမြို့ပြနဲ့ကျေးလက်တွေမှာရှိတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေး ရဲဘော်တွေ ပူးပေါင်းပြီးတော့တရားဝင်အနေနဲ့ဧပြီလ၂၈ရက်နေ့မှာစပြီးတော့ ထူထောင်ခဲ့တာရှိပါတယ်။
မေး။ မတ်လလောက်မှာ သပိတ်တွေအားကောင်းနေစဲ အချိန်ဆိုတော့ အဲဒီအချိန်ထဲက ဘာလို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာပါလဲ။
ဖြေ။ ။ကျနော်တို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အစုအဖွဲ့မှာကျတော့ ဖေဖော်ဝါရီ၁ရက်နေ့ အာဏာ သိမ်းတဲ့ အချိန်မှာတည်းကကိုက အရှေ့သမိုင်းစဉ်တွေမှာ ကျနော်တို့ပြန်ပြီးတော့ ဆွေးနွေးဖြစ်ကြ ပါတယ်။ ဒီလိုအာဏာသိမ်းမှုတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ လူထုဆန္ဒပြမှုတွေ ကနေတဆင့် တစ်ဖက်က ဖိနှိပ်လာခဲ့တယ်ဆိုရင် ဘယ်လိုသွားကြမလဲဆိုတဲ့ အခြေအနေတွေ ဆွေးနွေးကြတဲ့အခါမှာ ဆန္ဒပြသပိတ်တွေမှာ ပထမတော့ ကာကွယ်ရေးအဖွဲ့တွေ လုပ်ကြတာပေါ့။ တဖြည်းတဖြည်းချင်း မြင့်တက်လာတဲ့အခါမှာတော့ ကာကွယ်ရေးလမ်းကြောင်းကနေနောက်ဆုံး ခုခံကာကွယ်ရေးအနေနဲ့ သွားကြမယ်ဆိုပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအဖွဲ့မှာ ကျနော်တို့ ဆွးနွေးကြတာတွေရှိပါတယ်။ အဲဒီကနေပြီးတော့မှ ၂၂၂၂၂ သပိတ်အပြီးမှာ ကျနော်တို့ဆုံးဖြတ်လိုက်တာက ဒါဆိုရင်တော့ လက်နက်ကိုင်တော်လှန်ရေးလုပ်ရမယ့် အခြေအနေမျိုးကြုံလာနိုင်တဲ့ အခြေအနေမျိုး ရှိလာနိုင်တယ်။ အဲဒီအခါမှာသက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တွေကို အကူညီတောင်းပြီးတော့မှစပြီးတော့ ဒီသင်တန်းသားတွေ တက်ရောက်ဖို့ကို စပြီးတော့ ဆွေးနွေးပါတယ်။ ကျနော်တို့ရှေ့မှာ အနီးစပ်ဆုံးက ၈၈အရေးအခင်း ဆိုတာ ရှိတယ်။ ၈၈အရေးအခင်းရဲ့ နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေး အတွက် ကျောင်းသား တပ်မတော်ဆိုပြီး ဖြစ်လာခဲ့တယ်။ အဲဒါကိုလည်း သမိုင်းသင်ခန်းစာ ယူထားတဲ့အတွက် အဲဒီလောက်တည်းက တချိန်မှာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာမယ်ဆိုတာ မြင်လာတဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မတ်လနဲ့ဧပြီလမှာ သင်တန်းတက်ရောက်ပြီးတော့မှ ဖွဲ့စည်းဖို့ လုပ်ခဲ့ကြ တာပါ။
မေး။ ။ DRPA ရဲ့ တော်လှန်ရေးခံယူချက်နဲ့ အမြင်ကို ပြောပေးပါဦး
ဖြေ။ ။ အဓိကကတော့ ၃ချက်ပေါ့။ အာဏာရှင်တော်လှန်ရေးက တိုင်းရင်းသားလူမျိုးတွေ အားလုံးရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပေါ်မှာ လက်နက်အားကိုးပြီး ဖိနှိပ်နေတဲ့ အရာတွေကနေ လွတ်မြောက်အောင်ဆင်နွှဲမယ့် အမျိုးသားတော်လှန်ရေးအဖြစ် သတ်မှတ်ထားပါတယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ဒီမိုကရေစီအခွင့်အရေးကို အားလုံးခံစားနိုင်ဖို့ ဆင်နွှဲတဲ့တော်လှန်ရေးလို့ သတ်မှတ်ပါတယ်။ အာဏာရှင်တော်လှန်ရေးဟာ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေးကို တပါတည်းဆောင်ရွက်ပြီးမှ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်ရေးကို ဦးတည်တဲ့ တော်လှန်ရေးလည်း ဖြစ်တယ်ဆိုပြီး ခံယူထားပါတယ်။
မေး။ ။ လက်ရှိဘယ်ဒေသတွေမှာ လှုပ်ရှားဆောင်ရွက်နေလဲ။
ဖြေ။ ။စတင်လှုပ်ရှားတာကစစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းဆိုပြီး တိုင်း၃တိုင်းမှာ စလှုပ်ရှားပါတယ်။ လှုပ်ရှားတဲ့အခါမှာ ကျနော်တို့ ဒေသခံပြောက်ကျားရဲဘော်တွေနဲ့ ပူးပေါင်းပြီး လုပ်တာတွေရှိတယ်။ DRPAအနေနဲ့ပဲ သီးသန့်လုပ်တာလည်း ရှိပါတယ်။
မေး။ ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ရော ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိပါသလား။
ဖြေ။ ။ NUGပတ်သက်ပြီးတော့က ကျနော်တို့ဖွဲ့စည်းကြောင်း မကြေညာခင်မှာ NUGက ဆရာ ဦးရည်မွန်တို့နဲ့ ဆွေးနွေးတာတွေ ရှိပါတယ်။ ရှိတဲ့အခါမှာ ကျနော်တို့က ကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့စပြီးတော့ တပ်မတော်ကို ထူထောင်တဲ့အချိန်မှာ ကျနော်တို့ ပြည်မဒေသသည် အခြေစိုက်တာမျိုးတို့ နယ်မြေခြေကုပ်ရနိုင်တာမျိုးတို့ ဒါမျိုးတွေမရှိသေးပါဘူး။ အခုထိလည်း လုပ်လို့မရသေးပါဘူး။ ကျနော်တို့ ပြည်မဒေသက တော်လှန်ရေးရဲဘော်တွေ ပြောက်ကျားစနစ်နဲ့ ပြောက်ကျားတော်လှန်ရေးကိုပဲ အဓိကလုပ်ကြရမယ်။ ကျနော်တို့သည် ရှေ့မှာသင်တန်းတွေ သင်ခဲ့ပြီးဖြစ်တဲ့အတွက် ကျနော်တို့လှုပ်ရှားမှုတွေလည်း ဒီလိုမျိုး သွားကြတော့မယ်ဆိုပြီး ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ ကာကွယ်ရေးဝန်ကြီးက သူတို့သတ်မှတ်ထားတဲ့ သင်တန်းတွေကို လာပြီးတော့ ပြန်တက်ပါတို့ ဘာတို့အဲ့လိုမျိုးတွေ ညှိနှိုင်းတာတွေ ရှိပါတယ်။ ရှိတဲ့အခါကျတော့ ကျနော်တို့အဲ့အချိန်မှာ ဘယ်လိုဖြစ်သွားပြီလဲဆိုတော့ သင်တန်းပြီးသွားတဲ့သူတွေက စစ်ကိုင်း၊မန္တလေး၊ရန်ကုန်တို့မှာ ဖြန့်ကျက်ထားပြီ UGအလုပ်ကို စလုပ်နေပြီဖြစ်တဲ့အတွက် သင်တန်းပြန်တက်ဖို့မဖြစ်နိုင်တော့တာကြောင့်ပြီးရင်တော့ NUGနဲ့ ဘယ်လိုပူးပေါင်းနိုင်မလဲဆိုတာ ဆွေးနွေးတဲ့အခါမှာ ကာကွယ်ရေးဝန်ကြီးက သူတို့သတ်မှတ်ထားတဲ့ နေရာတွေမှာ PDF အနေနဲ့ ဝင်ပေးပါဆိုပြီး ဖြစ်လာတဲ့အခါကျတော့ ညှိနှိုင်းမှု အဆင်မပြေဘူးဘဲ ပြောရမှာပေါ့။ အဲဒီကနေစပြီးတော့ အဆက်အသွယ်က ဒီကနေ့အထိ လုံးဝမရှိပါဘူး။ ကျနော်တို့ ကိုယ့်ဘာသာပဲရပ်တည်ပြီး သွားနေကြပါတယ်။
မေး။ ။လက်ရှိအချိန်ထိလက်နက်ကိုင်တော်လှန်ရေးအတွေ့အကြုံကိုလည်းပြောပြပေးပါဦးဗျ။
ဖြေ။ ။ဧပြီလကနေစပြီးတော့ ကျနော်တို့လုပ်ခဲ့နိုင်တဲ့ကာလက ဘယ်လောက်ထိရှိလည်း ဆိုတော့ ကျနော်တို့အားလုံး ၈လပိုင်းအထိကတော့ စဉ်ဆက်မပြတ် လုပ်နိုင်ခဲ့ပါတယ်။ ပြောက်ကျားတိုက်ပွဲတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘာတွေဖြစ်လာတုန်းဆိုတော့ ကျနော်တို့ UGအဖွဲ့တွေသည် ပွင့်ပွင့်လင်းလင်းပြောရရင် စကစနေ ကျနော်တို့ကို မြို့ပေါ်မှာ ဖိနှိပ်တာတွေ များလာတဲ့အတွက် လှုပ်ရှားရတဲ့ဟာတွေက အကြပ်အတည်းတွေ များလာတယ်။ ဒါကြောင့် ကျနော်တို့စဉ်းစားလာတာက တပ်မတော်အနေနဲ့ ဖွဲ့ထားတာဆိုပြီး ပြောက်ကျားစနစ်နဲ့ သွားတာဖြစ်နေတော့ ၈လပိုင်းမှာ ပြန်ပြီးတော့ ဆွေးနွေးကြပါတယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံကို တပ်ရဲ့တည်ဆောက်ပုံအတိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်တို့မှာ အခြေပြုတဲ့ တပ်ရင်းတပ်မဟာ ဖွဲ့စည်းပုံ တွေနဲ့ပေါ်ပေါက်လာဖို့ ဆွေးနွေးကြတာပါ။ အဲဒီကနေပြီးတော့ DRPAတပ်ရဲ့ လက်ရှိဖွဲ့စည်းတည်ဆောက်ပုံနဲ့ လှုပ်ရှားဖို့စပြီး လုပ်ဆောင်လာတာဖြစ်ပါတယ်ဗျ။
မေး။ ။ မြို့ပြ ပျောက်ကြားတိုက်ခိုက်ရေး အဖွဲ့တစ်ခုအနေနဲ့ တိုက်ခိုက်ရေးအပိုင်းမှာ ပြည်သူတွေ မထိခိုက်အောင် ဘယ်လိုလုပ်ဆောင်သလဲ။
ဖြေ။ ။ ပြည်သူအပေါ်မှာ လက်နက်နဲ့ အနိုင်ကျင့်တာမျိုး လုံးဝမလုပ်ရဘူးတို့၊ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အဆောက်အဦတွေ၊ ဘာသာရေး အဆောက်အဦးတွေ၊ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦးတွေနဲ့ ပတ်သက်တာတွေကိုလည်း ရှောင်ရှားကြဖို့ စစ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကိုလည်း ချမှတ်ပြီး လုပ်ဆောင်နေကြပါတယ်။
မေး။ ။ ဘယ်လို လိုအပ်ချက်တွေရှိလဲ။ ဘာအခက်အခဲတွေရှိလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနာ်တို့က အဓိကက လက်နက်ခဲယမ်းပြဿနာ။ ကျနော်တို့ ပြည်မဒေသကို အခြေစိုက်တဲ့ ပုံစံမျိုးဖြစ်နေတော့ ပစ္စည်းတွေက တိုင်းရင်းသားနယ်မြေ၊ စစ်ကောင်စီရဲ့ ဂိတ်တွေ ကျော်ဖြတ်ရတာတွေ ရှိတယ်။ ခုနောက်ပိုင်းမှာ တိုင်းဒေသကြီး၅ခုမှာ ကျနော်တို့ ပြောက်ကြား အခြေစိုက် စခန်းတွေ စကြမယ်ဆိုပြီး လုပ်နေကြတာရှိပါတယ်။ ဘာကြောင့် လုပ်ချင်လဲဆိုတော့ နံပါတ်၁က ပြောက်ကျားတွေရဲ့ အရေးပေါ်ခိုလှုံရမယ့်နေရာ၊ (၂)က ကျတော့ ပြောက်ကျားလုပ်ငန်းစဉ်တွေ လုပ်ကြရင်းနဲ့မှ ကျနော်တို့ရဲဘော်အချို့ဆို အလုပ်လုပ်ရင်းနဲ့ပဲ ထိခိုက်တာရှိတယ်။ သို့သော်ပြောက်ကျားရဲဘော်တွေ ဖြစ်တဲ့အတွက် အချိန်မီဆေးဝါးကုသနိုင်မှု မရှိတဲ့အတွက် ၃ဦး လောက်က မလေလွင့်သင့်ဘဲ လေလွင့်ခဲ့ရတာရှိပါတယ်။ သုံးဦးစလုံးက တိုက်ခိုက်ေရေးတွေ ပြုလုပ်ပြီး ဒဏ်ရာရရှိလာတဲ့အခါမှာ ဆေးကုသမှု ကောင်းကောင်းမရတာရယ် ကုသပေးနိုင်မယ့်ဧရိယာ ကောင်းကောင်းမရှိတာကြောင့်ရယ်လို့ ပြောလို့ရပါတယ်။ အဲဒီလိုတွေကို ကုသနိုင်ဖို့ရယ်၊ (၃) အချက်က သင် တန်းတွေဖွင့်နိုင်ဖို့အတွက်ရယ်နဲ့ (၄)အချက်ကတော့ လက်နက်တွေကို ကုန်ကျစရိတ်နည်းနည်း ထုတ်လုပ်ရေးအတွက်ပေါ့။ အခုဆိုရင် တစ်ထောင့်တိုးအဆင့်တော့ အောင်မြင်နေပါပြီ။
မေး။ ။ ဘယ်လိုအောင်မြင်တာလဲ။ ဘာတွေ ထုတ်လုပ်နေတာလဲ။
ဖြေ။ ။ အဓိကကတော့ လက်လုပ်သေနတ်တွေ၊ တူမီးတွေမှာ သုံးဖို့အတွက်ပါပေါ့။ အခုဆိုရင် တိုက်ပွဲမှာ အသုံးပြုနိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ လက်ရှိကတော့ အများအပြားတော့ မထုတ်နိုင်သေးဘူး။ များများထုတ်လုပ်နိုင်ဖို့ အတွက်ကတော့ လိုအပ်တဲ့ ပစ္စည်းတွေတော့ ရှိနေပါသေးတယ်ဗျ။
မေး။ ။ ပြည်သူလူထုကိုရောဘာများသတင်းစကားပါးချင်ပါသလဲ။
ဖြေ။ ။ DRPA အနေနဲ့ မြို့နယ်အလိုက်မှာ စနစ်တကျပြန်ပြီးတော့ မြို့နယ်ဒေသခံတွေနဲ့ စနစ်တကျ ဖွဲ့စည်းပြီးတော့ လုပ်နေပါတယ်။ ဖွဲ့စည်းပြီးသွားရင် မြို့ပြပြောက်ကျားစနစ်တွေနဲ့ ကျေးလက် ဒေသတွေ ကနေ မြို့ပြကိုဦးတည်တဲ့စနစ်ကို ထူထောင်မှာဖြစ်ပါတယ်။ ကျနော်တို့ ဒီတော်လှန်ရေး သည် မကြာမီ တောရောမြို့ပါ မကျန် ကျယ်ကျယ်ပြန့်ပြန့် ဒီထက်မက ဖြစ်လာဖို့ရှိပါတယ်။ လက်ရှိလုပ်နေတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးလုပ်နေပါတယ်။ အဓိက ရည်ရွယ်ချက်က ကျနော်တို့က ပြည်မဒေသမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေသည် စနစ်တခုရဲ့ အောက်မှာ စနစ်တကျဖြစ်လာဖို့ရယ်၊ အဲဒီလိုလုပ်လာရင်းကနေ ပြည်သူလူထု လက်ရှိကြုံတွေ့နေရတဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာတွေ လုံခြုံရေးအရ စိုးထိတ်နေရတဲ့ ပြဿနာတွေကိုဖြေရှင်းပြီး လူထုကိုလည်း ကာကွယ်စောင့်ရှောက်သွားပါမယ်။