တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ဒူးရင်းသီးသည်အမျိုးသမီးတစ်ဦးကို PDF တပ်ဖွဲ့ဝင်တစ်ဦး၏ မိခင်ဟုစွပ်စွဲပြီး စွန်ရဲအဖွဲ့မှ သတ်ပစ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ထားဝယ်မြို့ ကမ်းနားဈေးတွင် ဒူးရင်းသီးရောင်းနေသည့် ဒေါ်ညွန့်လှိုင်အား ၎င်း၏သားဖြစ်သူမှာ PDF တပ်ဖွဲ့ဝင်တစ်ဦးဟုစွပ်စွဲပြီး မေလ ၂၃ ရက်၊ နံနက် ၉ နာရီ ခန့်တွင် စွန်ရဲတစ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၃ ချက်တိတိ ပစ်ခဲ့ကြောင်းသိရသည်။
“ကျွန်မတို့တစ်ခါမှမကြားဖူးပါဘူး။ ဒေါ်ညွန့်လှိုင်သားက PDF ဆိုတာ ဒေါ်ညွန့်လှိုင်က သူ့ဘာသာသူ ဒူးရင်းသီးရောင်းတယ်။ ဒူးရင်းသီး ရောင်းကုန်ရင် ငါးတွေကိုပြန်ရောင်းတယ်။ သူနေ့တိုင်းအဲလိုဘဲရောင်းနေ တာ။ ဘာကြောင့်များ သတ်ရလဲမသိပါဘူး”ဟု ဒေါ်ညွန့်လှိုင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ယင်း ဒူးရင်းသီးသည် အမျိုးသမီးကို အမည်မသိလူနှစ်ယောက်က ဆိုင်ကယ်နှင့်လာပြီး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သွားသောကြောင့် နေရာတွင်ပင် သေဆုံးခဲ့ရသည်။
“ဒေါ်ညွန့်လှိုင်က ဒူးရင်းသီးရောင်းနေရင်းနဲ့ပဲ သေသွားတယ်။ သူသေပြီး နာရီဝက်လောက်မှရဲတွေက လာပြီး ဟိုကြည့် သည်ကြည့်ရင်း နဲ့ ဘာမှမပြောဘဲပြန်သွားတယ်ကြတယ်”ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
လက်ရှိတွင် သတ်ဖြတ်သူများအား ယခုတိုင် အရေးယူခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရပြီး စွန်ရဲတပ်ဖွဲ့ဝင်များသည် NLD ပါတီ ထောက်ခံသူများနှင့် ၎င်းတို့ ကြည့်မရသောသူများကို ပစ်မှတ်ထားကာ မတရားသတ်ပစ်မှုများ ပြုလုပ်နေကြောင်းကိုလည်း ဒေသခံများထံမှ သိရသည်။