မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ၏ ဦးဆောင်မှုဖြင့် KUG ကိုယ်စားပြု G.Y.Z အဖွဲ့တို့ ပူးပေါင်းပါဝင်ကာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါ ပျူစောထီးပူးပေါင်းစခန်းကို ပြီးခဲ့သည့် မေလ ၁၀ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) က ယနေ့တွင် ထုတ်ပြန်သည်။
တိုက်ပွဲ ပြင်းထန်ခဲ့သည့်အတွက် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်ပစ်ကူတစ်စီး လာရောက်ခဲ့သလို စစ်ကူယာဉ်တန်းများပါ တိုက်ပွဲကို ကူရန်လာရောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကူညီရန်လာသည့် စစ်ကောင်စီဘက် ကားတန်းများကို ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (MPDA) က တစ်ဇောက်ကန်းဘဂျမ်းအဖွဲ့နှင့် ပူးပေါင်း၍ မိုင်းဆွဲခဲ့ရာ ကားတစီးမီးလောင်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ကူခဲ့သော်လည်း ဇီးဖြူကုန်း ပျူစခန်းကို ဆက်လက် စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။ ဇီးဖြူကုန်းကျေးရွာပျူစခန်းစီးနင်းမှုတွင် အကြမ်းဖက်စစ်ကောင်စီဘက် အနည်းဆုံး ၂၀ ဦးသေဆုံးပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)၏ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ KUG ကိုယ်စားပြု G.Y.Z အဖွဲ့မှ ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ယနေ့တွင် ထုတ်ပြန်အသိပေးခဲ့သည်။
ဗိုလ်နဂါးသည် ယခုတိုက်ပွဲများ မဖြစ်ခင်ကာလ အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီများ၏ အင်အားတိုးမှုများနှင့် စစ်ရေး အခြေအနေကို သုံးသပ်ကာ NUG ကာကွယ်ရေးဝန်ကြီးထံ လက်နက်များ အမြန်ဆုံးကူညီရန် တောင်းခံခဲ့ဖူးသည်။