အကြမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးပွဲသို့ တက်ရောက်သွားမည့် အဖွဲ့ ၁၀ ဖွဲ့ ရှိကြောင်း သိရှိရသည်။
ယင်းလက်နက်ကိုင်အဖွဲ့အစည်းများတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားအဖွဲ့အစည်းများပါဝင်သလို လက်မှတ်ရေးမထိုးထားသည့် လက်နက်ကိုင်အဖွဲ့များလည်း ပါဝင်မည်ဖြစ်သည်။
UWSA၊ NDAA၊ SSPP၊ RCSS၊ NMSP၊ ALP၊ PNLO၊ DKBA၊ KNU-PC နှင့် LDU အဖွဲ့များမှ အကြမ်းဖက် စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးဆွေးပွဲသို့ တက်ရောက်သွားဖြစ်သည်။
KNU၊ KIO/KIA CNF ABSDF နှင့် KNPP အဖွဲ့များသည် မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ထားပြီးပြီဖြစ်သည်။
လက်ရှိတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်တို့တွင် စစ်ရေးတင်းမာလျက်ရှိနေပြီး ရခိုင်ပြည်နယ်မှ AA နှင့် အကြမ်းဖက်စစ်ကောင်စီ အကြားတွင်လည်း စစ်ရေးတင်းမာမှုများ ရှိလာခြင်းကြောင့် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ခြောက်ကပ်သွားမည်ဖြစ်သည်။
AA၊ TNLA နှင့် MNDAA တို့သည် မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ငြင်းဆိုထားခြင်း မရှိသော်လည်း စစ်ရေးတင်းမာမှု အခြေအနေများကြောင့် တက်ရောက်ရန် ခက်ခဲသွားပြီဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း တက်ရောက်မည့်အဖွဲ့များ အနေနှင့် မေလ ၉ ရက်နေ့ နောက်ဆုံးထား အသိပေးရမည်ဖြစ်သည်ဟု အစောပိုင်းထုတ်ပြန်ချက်တွင်ပါဝင်ထားသည်။
မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ မတက်ရောက်သည့် အဖွဲ့များသည် အဆိုပါဖိတ်ခေါ်မှုကို ကန့်သတ်ဖိတ်ခေါ်မှုအဖြစ် မှတ်ယူထားပြီး သက်ဆိုင်သူများအားလုံး မပါဝင်သောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။