အကြမ်းဖက်စစ်အာဏာရှင် အမြန်ဆုံး နိဂုံးချုပ်ရေးအတွက် အင်းလျားလမ်း ခြံအမှတ် ၁၄ ရှိ အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ကို အစုရှယ်ယာအဖြစ် ရောင်းချခဲ့ရာ ၂၄ နာရီအတွင်း အမေရိကန် ဒေါ်လာ ၇ သိန်းကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။
“ပြည်သူကိုဆန့်ကျင်၊ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့ အာဏာရှင်ဆိုတာ ဒီတော်လှန်ရေးကအစပြုလို့ ရှင်သန်ကျန်ရစ်ခွင့်မရှိစေရ။ ဒါကြောင့်ပဲ အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) ပရိုဂရမ်ကို ဆောင် ရွက်ခဲ့တယ်။
ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူသိမ်းပိုက်ထားတဲ့ ၁၄ အင်းလျား အိမ်နဲ့ခြံကို ကြိုတင်ရောင်းချခဲ့တယ်။ စတင်ရောင်းချလို့ ၂၄ နာရီ ပြည့်တဲ့အချိန်မှာ အစုရှယ်ယာပေါင်း ၇၂၂၈ ရောင်းချနိုင်ခဲ့တယ်။
ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ ၁၀၀ ဆိုတော့ စုစုပေါင်း ဒေါ်လာ ခုနှစ်သိန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တာပဲ။ ဒီကိန်းဂဏန်းကို ကြည့်တာနဲ့တင် ဒီတော်လှန်ရေးအောင်မြင်ဖို့ ဘယ်လောက်အထိ ပြည်သူတွေ သန္နိဋ္ဌာန်ပြတ်သားနေသလဲဆိုတာ မေးခွန်းထုတ် စရာ မလိုအပ်တော့ပါဘူး”လို့ The End of Dictatorship- EOD ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံကို အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး လက်ရှိအချိန်ထိ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အဖွဲ့အစည်း ပေါင်းများစွာနှင့် ပြည်သူများသည် အကြမ်းဖက်စစ်တပ် အကျိုးအခွင့်အထူးများ ရရှိနိုင်သည့် လမ်းကြောင်းများကို အင်တိုက် အားတိုက်နှင့် ပိတ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်စစ်တပ် အင်အားလျော့ကျသွားအောင် အဖက်ဖက်က ပါဝင်လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် အာဏာရှင်အဆုံးသတ်နိဂုံး- The End of Dictatorship (EOD) အစီအစဉ်တွင်လည်း အာဏာရှင်များ၏ စည်းစိမ်ဥစ္စာပင်စည်ကို အမြစ်ဖြတ်ချေမှုန်းကြဖို့အတွက် ပါဝင်ကြရန် ယခုပရိုဂရမ်ဦးဆောင်သူများက ပြည်သူလူထုကို အသိပေးထားသည်။
၄၈ နာရီ မပြည့်သေးခင်မှာဘဲ ဒေါ်လာ တစ်သန်း ပြည့်မြောက်သွားကြောင်း ထပ်မံ သိရှိရသည်။