1 May 2022 By MPA ( နိုင်ငံတကာသတင်း )
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်းအနေနှင့် ရန်လိုသောအင်အားစုနိုင်ငံတွေဘက်က ယခုထက် ပိုမိုသည့် ခြိမ်းခြောက်မှုများ ပြုလုပ်လာလျှင် သူပိုင်ဆိုင်ထားသည့် နျူကလီးယားလက်နက်များကို ဦးစွာ ကြိုတင်အသုံးပြုသွားမည် ဟုသတိပေး လိုက်သည်။
ထိုသတိပေးချက်ကို မြို့တော် ပြုံယမ်းတွင် ပြုလုပ်သည့် စစ်ရေးပြ အခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုအသိပေးခဲ့ခြင်းဖြစ်ပြီး ခြိမ်းခြောက်လာမှုတွေကို ကာကွယ်ရန်အတွက် နျူကလီးယားလက်နက်ကသာ တားဆီးပေးနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ပြီးခဲ့သည့် ရက်သတ္တပတ် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားစစ်တပ်၏ နှစ် ၉၀ ပြည့် စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံက ပိုင်ဆိုင်ထားသည့် အဆင့်မြင့် နျူကလီးယားလက်နက်များစွာကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏လက်အောက်က ထိပ်တန်းအရာရှိများကိုလည်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့သည်။
လက်ရှိပိုင်ဆိုင်ထားသည့် နျူကလီးယားလက်နက်များထက် ပိုမိုတိုးတက်သည့် နျူကလီးယားဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ထပ်မံပြုလုပ်သွားမည်ဖြစ်သလို ခြိမ်းခြောက်မှုတိုင်းကို စနစ်တကျ ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းဌာန Central News Agency (KCNA) က ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ဆက်လက်ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ယင်းစစ်ရေးပြအခမ်းအနားတွင် အမေရိကန်ပြည်ထောင်စုသို့ ပစ်ခတ်နိုင်သည့် တာဝေးပစ် နျူကလီးယားဒုံးကျည်များကို ပြသခဲ့ပြီး နည်းပညာတိုးတက်မှုနှင့် နျူကလီးယားစီမံကိန်းများ အောင်မြင်မှုအတွက် ခေါင်းဆောင်ကင်က ကျေနပ်လျှက်ရှိသလို အသိအမှတ်လည်းပြုခဲ့သည်။
ဒါအပြင် ၎င်းတို့၏ နျူးကလီးယားစီမံကိန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုများက ဝါရှင်တန်အပါအဝင် ဆိုးလ်၏ ဖိအားပေးမှုများနှင့် အပြိုင်အဆိုင် ရှိနေမည်ဖြစ်ကြောင်းလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ထပ်ဆောင်းပြောကြားခဲ့သည်။