ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်အနောက်ခြမ်းရှိရွာ ၈ ရွာမှရွာသား ၁၀၀ကျော်ကို BGF တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင်ဝင်ရောက်ဖမ်းဆီးသွားသည်ဟုဒေသခံများထံမှ သိရသည်။
သံလွင်မြစ်အနောက်ခြမ်းရှိ မြိုင်ရွာ ၊ ကုန်းတန်းကြီးရွာ ၊ ဝဲပျံချောင်းဝရွာ ၊ဘုရားဆိပ်ရွာ ၊ ဝဲပျံ ရွာ၊ပေပင်ဆိပ်ရွာ ၊ မိတ်ထီလာရွာနှင့် မီးဇိုင်း ရွာတို့အား ယနေ့ မေလ ၁ ရက် နံနက်၈ နာရီကျော်ခန့်တွင် အိမ်စီးကား ၆ စီးဖြင့်လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
“သူတို့က ကား၆စီးနဲ့ လာဖမ်းတယ်ရွာထိပ်မှာကား၃စီးရပ်ထားတယ် ရွာအဆုံးမှာကား၃စီးရပ်ထားတယ် ရွာသားတွေကို ညှပ်ပြီးဖမ်းတာ။ သူတို့ဖမ်းတာကိုပြေးတဲ့သူတွေဆိုရင်သေနတ်တွေနဲ့ပါပစ်တာ”ဟု ဖမ်းဆီးခံရသည့်ရွာမှ လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
ထိုသို့ဖမ်းဆီးမှုကြောင့် ကျန်အနီးနားရှိရွာသားအချို့မှာကြောက်လန့်ပြီး သံလွင်မြစ် တစ်ဖက်ကမ်းရှိ ကော့လုံကျွန်းတို့က ကူးခပ် လာခဲ့ကြသည်။
“သူတို့က ရေလယ်သောင်ထိ လာတတ်ဖမ်းတယ် ပြီးရင် သေနတ်တွေနဲ့လည်း ပစ်တယ်။ အခု ကျွန်တော်တို့နေတဲ့ ကျွန်းဘက်ကို ထပ်ပြီးလာ ဖမ်းမယ်လို့ ကြားတယ်။ အဲတာကြောင့် ကျွန်တော်လည်း အခု ပြေးဖို့လုပ်နေရတယ်။’’ ဟုကော့လုံးကျွန်းရှိ ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ဖမ်းဆီးသွားသော ရွာသားများကို BGF တပ်ဖွဲ့ဝင်များက မည်သိူ့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ယခုတိုင် မသိရှိရသေးကြောင်း နှင့် ၎င်းကျေးရွာ အနီးရှိ ရွာသားများလည်း ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင် နေရပြီးဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးသည့် နောက်ပိုင်း မကြာခဏဆိုသလို ကျေးရွာအတော်များများတွင် ပေါ်တာဖမ်းဆီးမှုများ မကြာခဏရှိနေကြောင်းသိရသည်။