Mytel တာဝါတိုင်များကို ဆီလိုက်ဖြည့်ပေးနေသည့်ယာဉ်အား မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းကို ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ရက်နေ့၊ နံနက်၁၀နာရီက လောင်းလုံးမြို့နယ်၊ကြက်ယက်တွင်းကျေးရွာအနီးမောင်းနှင်လာသည့် ဒိုင်နာအမျိုးအစား အဖြူရောင်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) မှတားဆီးရပ်တန့်ခိုင်းကာ ယာဉ်မောင်းအားဖယ်ထုတ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“မနေ့ကမနက်က Mytel တာဝါတိုင်တွေကို ဆီလိုက်ဖြည့်ပေးနေတဲ့ကားကို တားဆီးပြီးဖျက်ဆီးလိုက်တာပါ။ စကစတွေက ကားကို ပစ်တာနဲ့ပေါက်ကွဲအောင် ယာဉ်မောင်းတစ်ယောက်တည်းလွှတ်လိုက်တာပေါ့”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
မီးရှိူ့ခံရသည့် ကားပေါ်တွင် အပြာရောင်ဆီပေပါပုံးများသာပါရှိပြီး တချို့တဝက်ကို သိမ်းကာ တချို့ကို ကားပေါ်တင်မီးရှို့ဖျက်ဆီးခဲ့ပြီး ယာဉ်မောင်းအားနောက်နောင် စကစထောက်တိုင်အဖြစ်မလုပ်ကိုင်ရန် ခံဝန်ကတိထိုးခိုင်းကာပြန်လွှတ်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယမန်နေ့မနက် ၁၀နာရီ ၁၅မိနစ်ခန့်က ကြက်ယက်ကျေးရွာအနီးပစ်ခတ်သံအချို့နှင့် ပေါက်ကွဲသံအကျယ်ကြီးကြားရကြောင်းနှင့် ၁၅မိနစ်အကြာတွင် ပြန်လည်ငြိမ်သက်ခဲ့ကြောင်း ကြက်ယက်တွင်းကျေးရွာသားတစ်ဦးကပြောသည်။