ကရင့်တော်လှန်ရေးနေ့မှာ စစ်တပ်ကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး KNLAနဲ့ဟန်ချက်ညီ ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ (AA၊ MNDAA၊ TNLA)ကတိပြုသဝဏ်လွှာပါးခဲ့သည်။
ကိုးကန့်၊ တအာင်း၊ ရခိုင်အဖွဲ့အစည်းတို့သည် တူညီသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေးတို့အတွက် ဘုံရန်သူကို တော်လှန်တိုက်ပွဲဝင်နေကြသည့်အလျောက် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တူညီသော အခြား မိတ်ဖက်ညီအစ်ကို အဖွဲ့အစည်းများနှင့် လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေး လိုအပ်ချက်အရ ဟန်ချက်ညီ စုပေါင်းလုပ်ဆောင်သွားကြရမည်ဟု ယုံကြည်ကြောင်း MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့က သဝဏ်လွှာထဲ အသိပေး ကတိပြု ဖော်ပြခဲ့ပါသည်။
“ ဒါဟာဝမ်းသားစရာသတင်းပဲ။အခုဆို စစ်တပ်ကိုတိုက်ခိုက်ဖို့ ပိုအင်အားကြီးသွားပြီ။ စစ်တပ်ကို ဖြုတ်ချနိုင်တော့မှာ” ဟု တပ်မဟာ (၄)၏ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယနေ့မှာ ကိုးကန့် MNDAA၊ တအာင်း TNLA နှင့် ရခိုင် AA စသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ၏ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်များမှာ ခိုင်မာပြတ်သားသော လုပ်ရပ်များဖြစ်သည်ဟု ချီးကျုးကြောင်း သဝဏ်လွှာပေးပို့ ခဲ့သည်။
ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ ချက်နှင့်အတူ ကရင်လူမျိုးများ၏ မတရားမှုအတွက် ဦးမညွှတ်တတ်သော စိတ်ဓာတ်၊ ကရင်ခေါင်းဆောင်ကြီးများ၏ ဘဝတူညီနောင်တိုင်းရင်းသားလူမျိုးများနှင့် တသားတည်းရပ်တည်ချက်များ၊ ရိုးသားပွင့်လင်းမှုများ၊ အမျိုးသားလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုဖြင့် စုပေါင်းတိုက်ပွဲဝင်ခဲ့ကြပုံများမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် မတရားအာဏာသိမ်းပြီးနောက်ပိုင်း ပို၍ သိသာထင်ရှားလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒါ့အပြင် ကရင့်တော်လှန်ရေး ၇၃ နှစ်အတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ကရင့်အာဇာနည်များ၊ ကရင့်သူရဲကောင်းများ၊ ကရင့်ပြည်သူလူထုတို့၏ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုများကို အောက်မေ့လွမ်းဆွတ်ခြင်းနှင့်အတူ ဦးညွှတ်အလေးပြုကြောင်း ထုတ်ပြန်ခဲ့သည်။
#MPA #Myanmar #မြောက်ပိုင်းမဟာမိတ် #အကြမ်းဖက်စစ်တပ်