စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ရွာလုံးကျွတ်စစ်ဘေးရှောင်ပြည်သူများအတွက် စားနှပ်ရိက္ခာများနှင့်ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
ကလေးမြိုနယ်တောင်ပိုင်း ကလေး-ဂန့်ဂေါကားလမ်း ပေါ်ရှိ နတ်မြောင်းရွာ၊ နတ်ချောင်းရွာနှင့်ချောင်းခွရွာ များကို စစ်ကောင်စီတပ်များက ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ(၂၃)ရက်နေ့မှစတင်ကာ တိုက်လေယာဉ်ပေါ်မှဗုံးကြဲပစ်ခတ်ခြင်း၊ လူနေအိမ်(၃၀)ကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ရွာသူရွာသားများကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ် ခံရခြင်းများ ဖြစ်ပေါ်ပြီးသည့်နောက်တွင် ရွာသူရွာသားများသည် ကျေးရွာများကိုစွန့်ခွာ ထွက်ပြေးပြီး စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။
” အခု ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြသူတွေရှိလာ တယ်။ ဒါကြောင့် ဆေးတွေလည်းလိုတယ်။ ပြီးတော့ ဆန်၊ဆီ၊ဆား၊ငါးပိနှင့်အသင့်စားလို့ရတဲ့ရိက္ခာတွေ လိုမယ်ဗျ။ ဆန်အလှူတွေရောက်လာတာတော့ ရှိနေပါပြီဗျ။ ဒါပေမယ့် မလုံလောက်ပါဘူး။ မငတ်စေရုံ မျှပြီးဝေပေးနေရတဲ့အနေအထားပဲ ရှိပါသေးတယ် ” ဟု Natchaung Youth Foundation မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
The Guardian အဖွဲ့က ကလေးမြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ်(၄၀) လှူဒါန်းခဲ့ကြောင်း၊ ၎င်း ဆန်များကို တောထဲတွင် ရောက်နေသည့် စစ်ဘေးရှောင်ပြည်သူများထံ အရောက်ပို့ပေးနိုင်ရေးကို Natchaung Youth Foundation မှ တာဝန်ယူ ကူညီပေးခဲ့ကြောင်း သိရသည်။
ရွာလုံးကျွတ်စစ်ဘေးရှောင်ပြည်သူအများစုမှာ လုံခြုံစိတ်ချရသောစစ်ဘေးရှောင်စခန်းအဖြစ် မတည်ရှိဘဲ အဆင်ပြေမည်ထင်သည့် တောတောင်များဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြ ရခြင်းဖြစ်ကြောင်း၊ အချို့သာ ကလေးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများထံ ရောက်ရှိနေကြရကြောင်း သိရသည်။
ကလေးမြိုနယ်ဒေသတွင် ရာသီဥတုအေးလွန်းချိန်ဖြစ် သဖြင့် အအေးဒဏ်ကာကွယ်နိုင်စေရန်လိုအပ်သည့် မိုးကာများ၊ အနွေးဝတ်များလည်းလိုအပ်နေကြောင်းသိရသည်။
“ အချို့လည်း အနောက် ချင်းတောင်ပေါ် ထွက်ပြေးကြ တယ်။ အချို့ကလည်း ရွာအရှေ့ဘက် ပဲခင်းတော ဘက်တွေဆီ ထွက်ပြေးနေကြရတယ်။ ရွာသူရွာသား အများစုက ကိုယ်လွတ်ပြေးလာကြရတယ်။ ဦးလေးဆို ပုဆိုးလေးတစ်ထည်တောင် အပိုမပါခဲ့နိုင်ဘူး။ ရာသီဥတုကအရမ်းအေးတော့ အနွးဝတ်လေးအပိုပါတဲ့ သူဆီက တောင်းဝတ်ထားရတယ် ” ဟု အသက် (၆၈)နှစ်အရွယ် နတ်ချောင်းရွာသား စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။
ကလေးမြို့နယ်၊နတ်ချောင်းရွာသည် အိမ်ခြေ(၂၀၀၀) ကျော်၊ နတ်မြောင်းရွာသည် အိမ်ခြေ(၇၀၀)ခန့်နှင့် ချောင်းခွရွာသည် အိမ်ခြေ(၆၀၀)ကျော်ရှိကြောင်း သိရသည်။