တနင်္သာရီတိုင်း၊ထားဝယ်မြို့တွင် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ အထွေထွေ အတွင်း ရေးမှူး ဖြစ်သူ ကိုထူးမြတ်လွင် နှင့်အတူ လူငယ်နှစ်ဦးကို ဘုမ္မော်ရပ်ကွက်ရှိ ၎င်းတို့နေထိုင်ရာ နေအိမ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း၌ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ကိုထူးမြတ်လွင်သည်ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးဖြစ်သည့်အပြင် အကြမ်းမဖက် လူထုလှုပ်ရှားမှု သပိတ်ဦးဆောင်သူတစ်ဦးဖြစ်ပြီး ၎င်းတို့နှင့်အတူဖမ်းဆီးခံရသူများမှာ ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်းတို့ဖြစ်ကြောင်း၎င်းတို့နှင့်နီးစပ်သူများထံမှသိရသည်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှတာဝန်ရှိသူ ကိုဝေယံစိုးက “ဖမ်းဆီးခံရတဲ့ ကိုထူးမြတ်လွင်က ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး တစ်ယောက် ဖြစ်ပါတယ်။ အခုထိတော့ဘယ်မှာရှိတယ်ကိုစုံစမ်းလို့မရသေးပါဘူး” ဟု ပြောသည်။
အလားတူ ထားဝယ်တက္ကသိုလ်မှ ပထမနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး ထားဝယ် သပိတ်တပ်ပေါင်းစု သပိတ်ကော်မတီဝင် လူငယ်တစ်ဦးလည်းဖြစ်သူ ကိုဇင်လင်းဦး အပါအဝင် လူငယ်ငါးဦးကို အကြမ်းဖက် စစ်တပ်က ၂၈ရက်နေ့ နံနက်၂နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က အင်အားသုံးဖမ်းဆီးခံခဲ့ရသည်။
ယင်းနောက် ၂ရက်ခန့်အကြာတွင် ယခုကဲ့သို့ နောက်ထပ် လူငယ်သုံးဦး ထပ်မံဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများထဲတွင် မလဝန်းပြည့်ပြည့်ထွန်းမှာ ထားဝယ်ပညာရေးကောလိပ်မှ ဒုတိယနှစ် ကျောင်းသူ တစ်ဦးဖြစ်ပြီး ကိုစိုင်းကိုကိုထွန်းမှာ သာမန်ပြည်သူတစ်ဦးဖြစ်သည်။
“ ကိုထူးမြတ်လွင်ကတော့ အကြမ်းမဖက် လူထုလှုပ်ရှားမှုသပိတ်ရဲ့ ဦးဆောင်သူတစ်ဦးဆိုပြီး စွတ်စွဲဖမ်းဆီးတာ ဖြစ်နိုင်တယ်။ ကျန်တဲ့သူတွေကတော့ ဘာလို့ဖမ်းတယ်ဆိုတာတော့ မသိဘူးပေါ့။ သူတို့ကဖမ်းနေကြပဲလေ။ ကျနော်တို့ ထားဝယ်မှာကျတော့ ကျောင်သားကျောင်းသူတွေ ဆက်တိုက်ဖမ်းဆီးခံရတာရှိတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကြောရေးမှာ ရရင်ရသလို သူတို့လိုချင်တဲ့သူတွေကိုမေးမြန်းပြီး လိုက်ဖမ်းနေတယ်လို့ ယူဆရတယ်”ဟု ကိုဝေယံစိုးကပြောသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် တနင်္သာရီတိုင်းအတွင်းရှိ မြို့ကြီးများတွင် တပ်အင်အား လျှော့ထားသော်လည်း နယ်မြို့များတွင်မူ တပ်အင်အားအလုံံးအရင်းဖြင့်တပ်စွဲထားခြင်းများပြုလုပ်ထားသဖြင့် ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ရန် မြေပြင်အခြေအနေများအရ ခက်ခဲနေကြောင်သိရသည်။
အကြမ်းဖက်စစ်တပ်သည် လူငယ်များ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ဆောင်ရွက်နေကြသူများကို ဖမ်းဆီးပြီးပုဒ်မအမျိုးမျိုးတပ်ပြီးထောင်ချလျက်ရှိနေသည်။ ပြီးခဲ့သည့် လပိုင်းများအတွင်းကလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဆက်စပ်သူသုံးဦးကို အကြမ်းဖက်စစ်တပ်က ပုဒ်မအအမျိုးမျိုးဖြင့် ထောင်ဒဏ်၁၀နှစ်ချမှတ်ခဲ့သေးသည်။
မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူထားသည်မှာ ၉ လကျော်ရှိပြီ ဖြစ်ပြီး ယင်းကာလအတွင်း အကြမ်းဖက်စစ်တပ်မှ ပြည်သူပေါင်း ၁၀၅၀၀ကျော်ကိုဖမ်းဆီးထားပြီး လူပေါင်း ၁၂၉၀ကျော်ကို သတ်ဖြတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်များအရ သိရသည်။