ဖရွန်းတီးယားမြန်မာ သတင်းဌာန သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖန်စတာကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင် ၁၁ နှစ်ချမှတ်ခံလိုက်ရကြောင်းကို ဖရွန်းတီးယားမြန်မာ သတင်းဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်အတွင်းတွင် ပြုလုပ်ခဲ့သည့် အထူးတရားရုံးက စွဲဆိုထားသည့် အမှုစုစုပေါင်း ၅မှုတွင်ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၇(၁) နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃(၁) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၁နှစ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
ပုဒ်မ ၅၀၅ (က) စွဲဆိုချက်အတွက် ထောင်ဒဏ်၃ နှစ်၊ ပုဒ်မ ၁၇(၁) စွဲဆိုချက်အတွက် ထောင်ဒဏ် ၃ နှစ်နှင့် ပုဒ်မ ၁၃(၁) စွဲချက်အတွက် ထောင်ဒဏ် ငါးနှစ်အပြင် ငွေဒဏ်ကျပ် ၁၀၀,၀၀၀ ကိုလည်း ချမှတ်ခဲ့သည်။
ဒန်နီဖန်စတာကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) တို့ဖြင့် စစ်ကောင်စီက နို၀င်ဘာလ ၁၀ ရက်နေ့က ထပ်မံတရားစွဲဆိုလိုက်သည့်အတွက် စုစုပေါင်း အမှု ၅ မှုနဲ့ ရင်ဆိုင်နေရကြောင်းသိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မေလ ၂၄ ရက်နေ့က ရန်ကုန်လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ဒန်နီဖန်စတာကို အမြန်ဆုံးလွှတ်ပေးရန် ထပ်တိုးအမှုနှစ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဒန်နီးဖန်စတာကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က နို၀င်ဘာလ ၁၁ ရက်နေ့မှာ တောင်းဆိုထားသည်။
ဒန်နီ့ကို ထပ်တိုး တရားစွဲဆိုလိုက်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀ (က) သည် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တသက်အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို ပုဒ်မ ၁၂၄ (က) ကတော့ ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်ပင်ခံထားရသည့် Myanmar Now သတင်းဌာနအတွက် အလုပ်လုပ်နေသည်ဟု စွပ်စွဲချက်ဖြင့် စွဲချက်တင်ခံထားခြင်းဖြစ်ကာ ဒန်နီဖန်စတာ သည် 2020 ခုနှစ် ဇူလိုင်လတွင် Myanmar Now မှ နှုတ်ထွက်ခဲ့ပြီး နောက်လတွင် Frontier သို့ ဝင်ရောက်ခဲ့ကာ 2021 ခုနှစ် မေလတွင် ၎င်းအဖမ်းခံရချိန်တွင် Frontier နှင့် ကိုးလကျော် အလုပ်လုပ်ကိုင်ခဲ့သည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ၏ စာရင်းဇယားတွေအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး သတင်းထောက် ၄၇ ဦး လက်ရှိအချိန်ထိ အထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။