ချင်းပြည်နယ် ဖလမ်းမြို့ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ၁၈ရက်နေ့ နံနက်၁၂နာရီခွဲဝန်းကျင်မှစတင်ပြီး လက်နက်ကြီးဖြင့် တစ်နာရီနီးပါး ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ဖလမ်းမြို့ရှိ ဗားရ်စခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးလူထိခိုက်မှုတစုံတရာ မရှိခဲ့ကြောင်း ဖလမ်းဒေသခံများထံမှ သိရှိရသည်။
“ည၁၂ခွဲလောက်ကစပြီး လက်နက်ကြီးနဲ့ပစ်တာ ၁နာရီခွဲလောက်မှာပြီးသွားတယ်။အိမ်တစ်အိမ်တော့ ထိတယ်ကြားတယ်။ဒါပေမယ့် ဆိုးဆိုးရွားရွားကြီး ထိခိုက်တာမျိုးတော့မရှိခဲ့ပါဘူး ” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ချင်းပြည်နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့်အောက်တိုဘာလ၁၃ရက်နေ့က ပုံစံမျိုးစုံဖြင့် စစ်အင်အားတိုးချဲ့ခဲ့သည်။ ထိုသို့ တိုးချဲ့ခဲ့သည့်အတွက် ဖလမ်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားမှုများရှိခဲ့သည်။ အင်အားတိုးချဲ့လာသည့် အကြမ်းဖက်စစ်တပ်သည် ဖလမ်းမြို့နယ်အတွင်း ကျေးရွာများရှိ နေအိမ်များနှင့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
“စစ်တပ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ ပေးစရာကိုမလိုတော့ဘူး ထင်ပါတယ်။ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာကပါသိနေပြီဆိုတော့လေ ” ဟု ချင်းဒေသခံတော်လှန်ရေးသမားတစ်ဦးက မှတ်ချက်ပြုသည်။
ခုခံတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ခဲ့သော ချင်းပြည်နယ်တွင် ဟားခါးမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ အင်တာနက်ဖြတ်တောက်ထားသည်။ ဖလမ်းမြို့နယ်တွင် လက်ရှိအချိန်၌ အင်တာနက်အနည်းငယ် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
Photo – zalen media(အောက်တိုဘလ၁၃ရက်နေ့က အင်အားဖြည့်တင်းလာသော စစ်ကားများကိုတွေ့ရစဉ်)