By MPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့သော နှမ်းခါးကျေးရွာတွင် အောက်တိုဘာလ၂ရက်နေ့ ညနေပိုင်း၌ အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်မှုကြောင့် စစ်ရှောင်စခန်းမှ ရွာသို့ခဏပြန်သည့်သားအမိနှစ်ဦး ဒဏ်ရာများရရှိခဲ့ကြသည်။
နှမ်းခါးကျေးရွာမှ သားအမိနှစ်ဦးဖြစ်သည့် အသက်၅၀အရွယ်အမျိုးသမီးတစ်ဦး နှင့် ၈နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် စစ်ရှောင်နေရာမှ ရွာအတွင်းသို့ ညနေ၆နာရီဝန်းကျင်တွင် ဝင်ရောက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
“သူတို့က စစ်ရှောင်နေကြရာကနေ ရွာထဲပြန်ပြီး ဝက်စာကျွေးတာတို့၊ ထမင်းစားဖို့ပြန်တဲ့အချိန်မှာ ရဲလှလမ်းဆုံကနေ ပစ်တဲ့ကျည်ထိမှန်ခဲ့တာပါ။ ဒဏ်ရာကတော့မများပါဘူး ” ဟု နှမ်းခါးဒေသခံတစ်ဦးက ပြောသည်။
ကျည်ဆံထိမှန်ခဲ့သည့် သားအမိနှစ်ဦးတွင် ကလေးငယ်မှ ယနေ့ကညတည်းက စစ်ဘေးရှောင်စခန်းသို့ ရောက်သည်အထိ ပြေးခဲ့သည့်အတွက် ဆေးကုသမှုများ ခံယူပြီးဖြစ်သော်လည်း မိခင်ဖြစ်သူကိုမူ ယနေ့မနက်တွင်မှ သွားရောက်ကြည့်ရှူနေကြကြောင်း သိရသည်။
“သမီးလေးကတော့ ပြေးထွက်လာခဲ့တာ။ မိခင်ဖြစ်သူကတော့ ရွာထဲမှာပဲကျန်ခဲ့တယ်။ အခုကျနော်တို့ သူ့ဆီကို သွားဖို့လုပ်နေပါတယ် ”ဟု နှမ်းခါးလူငယ်အဖွဲ့မှ တာဝန်ရှိသူကဆိုသည်။
စစ်တပ်မှ အကြိမ်ကြိမ်ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလအတွင်း သုံးကြိမ်တိုင်တိုင် မီးရှို့ခြင်းခံခဲ့ရသည့် နှမ်းခါးကျေးရွာသည် အောက်တိုဘာလ၂ရက်နေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် နှမ်းခါးကျေးရွာကို အင်တာနက်များဖြတ်တောက်ထားပြီး ဖုန်းလိုင်းပင် ဆက်သွယ်ရန် ခက်ခဲနေသည်။
“လက်ရှိအချိန်မှာတော့ ရွာထဲမှာ ဘယ်သူမှမရှိတော့ဘူး။ အကုန်စစ်ရှောင်နေကြရပါတယ်။ အင်တာနက်လိုင်းတွေလည်း ဖြတ်ထားပါတယ်။ ဖုန်းလိုင်းတောင် အကုန်မကောင်းပါဘူး ” ဟု နှမ််းခါးလူငယ်အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မကွေး၊ ချင်းပြည်နှင့်နီးစပ်သော နေရာများမှ ကျေးရွာများကို ဝင်ရောက်လျက်ရှိနေပြီး ရွာကို မီးရှို့ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခြင်းများ ပြုလုပ်လျက်ရှိနေသည်။ စစ််တပ်၏ မီးရှို့မှုကြောင့် အဆိုပါကျေးရွာများမှ နေအိမ်များပျက်ဆီးခြင်း၊ ပစ္စည်းများပျောက်ဆုံးခြင်း၊ လူသေဆုံးမှုဖြစ်ခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ရွာသားများမှာ ဘေးလွတ်ရာများသို့ တိမ်းရှောင်နေကြရသည်။
#နှမ်းခါးကျေးရွာ #လက်နက်ကြီးထိမှန် #သားအမိနှစ်ဦးဒဏ်ရာရ #MPA