By Jar Seng / MPA
ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော် နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ စစ်ဘေးရှောင် ကလေးငယ်များနှင့် ဒေသခံများ ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေသော်လည်း ဆေးဝါးလုံလောက်မှုမရှိကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ဘေးရှောင်နှင့် ဒေသခံများသည် တုပ်ကွေးရောဂါကို ခံစားခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ရှောင်စခန်းရှိ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ခန္ဓာကိုယ် ယားယံသည့် အရေပြားရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေကြောင်း တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဒေါ်ခိုင်အေးက ပြောသည်။
“ကျမတို့ စစ်ဘေးရှောင်စခန်းမှာ ၁၀ နှစ်အောက် ကလေးငယ် ၁၀ ယောက်က ခန္ဓာကိုယ်ယားယံပြီး အနာစိမ်းပေါက်နေကြတယ်။ ပြီးတော့ လူကြီးပိုင်အမျိုးသမီး နှစ်ယောက်က ငှက်ဖျားဖြစ်နေတယ်။ ဆေးရုံဆေးခန်းကလည်း အနီးအနားမှာ မရှိဘူး။ ပြီးတော့ ဆေးခန်းသွားပြဖို့ က ငွေကြေးအခက်အခဲရှိတော့ မသွားနိုင်ဘူး၊” ဟု ၎င်းက ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများ နှင့် ရေဘေးဒဏ်ကြောင်း ထွက်ပြေးတိမ်ရှောင်လာသော စစ်ဘေးရှောင်များနှင့် ဒေသခံများသည် အသက်ရှင်ရပ်တည်ရေးအတွက် အကျပ်အတည်းများစွာ ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မြောက်ဦးမြို့နယ်တစ်ခုထဲ၌ ရေဘေးဒုက္ခသည် သုံးသောင်းကျော် ရှိကြောင်း မြောက်ဦးလူငယ်အစည်းအရုံးက ထုတ်ပြန်ထားသည်။
“ကျမတို့ရွာမှာ တစ်အိမ်ပြီး တစ်အိမ်ဖျားတယ်။ မိသားစုလိုက်ဖျားကြတယ်။ ကျမတို့ မိသားစုက တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ ဖျားရင်လည်း ဆေးခန်းမပြနိုင်ဘူး။ ပါရာစီတာမော့သောက်ပြီး စောင်ခြုံနေလိုက်တယ်။ အဲ့ဒီလိုနဲ့ ရောဂါသက်သာအောင်လုပ်တာပါ” ဟု မြောက်ဦးမြို့နယ်၊ တိန်ညိုရွာမှ မအေးကျော်က ပြောသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှ စတင်ကာ စစ်ကောင်စီသည် ရခိုင်ပြည်နယ်သို့ ဝင်ရောက်မည့် လမ်းပိုင်းအားလုံးကို ပိတ်ဆို့ထားမှုကြောင့် အခြေခံလူသုံးကုန်များအပါအဝင် ဆေးဝါးပစ္စည်းများ ပြတ်လပ်ခဲ့မှုကြောင့် ဒေသခံများအနေဖြင့် လူသုံးကုန်များနှင့် ဆေးဝါးများကို စျေးကြီးပေးကာဝယ်ယူသုံးစွဲရသည့်အပြင် အချို့ကုန်ပစ္စည်းများမှာ လုံး၀ ဝယ်ယူ၍ မရတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။
ဆက်လက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း စစ်ဘေးရှောင်များနှင့် ဒေသခံများသည် ရာသီတုပ်ကွေးရောဂါကို ခံစားနေရပြီး အများစုသည် စစ်ဘေးရှောင်များဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
“အရင်တုန်းကဆို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ ICRC နဲ့ အခြား ပရဟိတအဖွဲ့တွေက လာလှူပေးကြတယ်။ အခုနောက်ပိုင်း တစ်ဖွဲ့မှ မလာနိုင်ကြတော့ အခက်အခဲအရမ်းဖြစ်တာပေါ့၊ ကျမတို့လည်း တောင်ပေါ်သွား မျှစ်ရှာပြီးတော့ ရောင်းတယ်။ ဈေးကောင်းလည်း မရတော့ အဆင်မပြေပါဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
လက်ရှိချိန်ထိ ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ အဆမတန် မြင့်မားလျက်ရှိပြီး ဆေးဝါးပြတ်လပ်မှုများကြောင့် ပြည်သူများအကျပ်အတည်းများစွား ရင်ဆိုင်နေရသည်။
ထိုကဲ့သို့ ပြည်သူများ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် AAမှ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကုန်ပစ္စည်းများ တင်သွင်းနေသော်လည်း ဖြေရှင်းနိုင်မှု မရှိသေးပေ။