ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာတွင် စက်တင်ဘာလ၂၅ရက်နှင့် ၂၆ရက်တို့တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်က ဒေသခံများ၏ နေအိမ်၃၀ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာလ၂၅ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ကုန်းသာရွာအတွင်းအင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး ရမ်းသမ်းပစ်ခတ်မှုများ၊ ကျေးရွာအတွင်းရှိ အိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီမှ ပစ်ခတ်မှုကြောင့် အသက် ၇၀ နှစ်အရွယ် ဦးကြီးကျော်မှာ ရင်ဘတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။
“ မနေ့ည ၆နာရီခွဲလောက်မှာ စစ်တပ်ဘက် ပစ်လိုက်တဲ့ကျည်ဆံကြောင့် အဲ့ဒီအဘိုးက ရင်ဘတ်ကိုတည့်တည့်ထိမှန်ပြီးသေဆုံးခဲ့ရတာပါ ” ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှ တာဝန်ရှိသူက MPAသို့ အတည်ပြု ပြောသည်။
ကုန်းသာရွာတိုက်ပွဲကို ကရင်နီဒေသခံ ကာကွယ်ရေးတပ်များဖြစ်သည့် ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပြီး အနည်းငယ် ထိခိုက်ဒဏ်ရာရှိမှုသာရှိခဲ့သည်။
ကုန်းသာရွာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဖက်က ထိခိုက်မှုများပြားပြီး ညနေပိုင်းတွင် အင်အားဖရိုဖရဲဖြင့် ဆုတ်ခွာသွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်များ၏ လက်နက်ခဲယမ်းအချို့နှင့် ဆက်သွယ်ရေး ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ကယားပြည်နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ ဒီမော့ဆိုမြို့နယ်အတွင်း ၂၅ရက်နေ့ က တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲကြားရောက်ခဲ့သည့် ကားတစ်စီးနှင့် လူတစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။
လက်ရှိအချိန်တွင် ကရင်နီပြည်နယ် ဒီးမောဆိုမြို့နယ်တွင် စစ်ရေးအရ အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တင်းမာလျက်ရှိနေပြီး ဒေသခံအများအပြားလည်း စစ်ရှောင်နေကြရသည်။