By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ရပ်ကွက်တစ်ထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက် ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ လေးဦးသေဆုံးသွားကြောင်း ကနဦးသတင်းရရှိသည်။
ယနေ့ (ဇူလိုင်သုံးရက်) နံနက် ရှစ်နာရီခန့်တွင် လားရှိုးမြို့တွင်းသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့ခံအချို့ထံက သိရသည်။
“တိုင်းဌာနချုပ်(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)က အပြင်ဘက်ကို လက်နက်ကြီး ပစ်ကူပေး နေတာ။ တစ်ညလုံး တိုက်ပွဲဖြစ်တာ။ ဒီမနက်က စကစ ပစ်သွားတဲ့ လက်နက်ကြီးက မအောင်လို့နေ မယ်။ ရပ်ကွက်တစ်ထဲကျသွားတော့ မိသားစု တစ်စုလုံးထိပြီး သေသွားတယ်” ဟု လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက ပြောပါသည်။
ဇူလိုင်နှစ်ရက်၊ ည ၁၁ နာရီ မှစပြီး လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ ရဲစခန်း၊ ကုန်းညောင် တပ်စခန်း၊ မန်ဖွီးလေ့ကျင့်ရေးတပ်စခန်း နှင့် နမ့်ပေါင်တို့တွင် ကိုးကန့် MNDAAတပ်နှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရပါသည်။
ယနေ့နံနက် ခုနှစ်နာရီခန့်တွင် စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာက နေအိမ်တစ်လုံး မီးလောင်သွားပြီး ဒေသခံ တစ်ဦး သေဆုံးကာ နမ့်ပေါင်နှင့် မိုင်းရယ်ကြားရှိ နမ္မဗောဓတံတားလည်း ကျိုးသွားကြောင်း ၎င်းကဆိုသည်။
ယနေ့နံနက်ပိုင်းမှစတင်ကာ လားရှိုးမြို့မှ မန္တလေး-လားရှိုးလမ်းမကြီးပေါ်သို့ ထွက်သည့်ဂိတ်ကို စစ် တပ်က ပိတ်လိုက်ကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် လားရှိုးမြို့ မြောက်ဘက်၊ နမ်ဖူးယိုင်ရှိ MNDAA ကာကွယ်ရေးနယ်မြေကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကိုးကန့် တပ်သား နှစ်ဦး ကျဆုံးပြီး သုံး ဦးဒဏ်ရာရကြောင်း MNDAA က ထုတ်ပြန်ထားသည်။