By Ra Wai / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် ဒေသခံ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ အတွင်းမှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ PDFပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် မတ္တရာမြို့နယ်ရှိ ဒေသခံပြည်သူ တစ်သောင်းဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။
“ ဆေးဝါးနဲ့ ရိက္ခာ တော့ လိုတယ်။အဓိက ဗိုက်ဝဖို့ အစားအစာပဲ လိုနေတာပေါ့။ ဖုန်းလိုင်းတွေ ပျက်နေတယ်။ပြည်သူတွေကိုလည်း သတိလေးနဲ့ နေစေချင်တယ်။ အခုအချိန်မှာ မြေပြင်အနေနဲ့က လုံးဝကို ကြောက်စရာမလိုတော့ဘူး။ ဝေဟင်တခုပဲ စိုးရိမ်ရတာ” ဟု The Voice of Wetlet Madayarအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်း စစ်ရှောင်တစ်သောင်းဝန်းကျင်တွင် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ မတ္တရာမြိုနယ်အရှေ့ခြမ်းနှင့် မြောက်ခြမ်းမှ ဒေသခံပြည်သူအများဆုံးဖြစ် ကြောင်း The Voice of Wetlet Madayar ထံက သိရသည်။
ဇွန်လ ၂၅ရက်က မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်စခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ရေးပိုမိုပြင်းထန်လာခဲ့သည်။
မတ္တရာမြိုနယ်အတွင်းရှိ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း MDY-PDF၏ ယနေ့(ဇူလိုင်နှစ်ရက်)သတင်းထုတ်ပြန်သည်။