By Nway / MPA
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်တစ်ရက်၊ နံနက်ခြောက်နာရီခန့်တွင် နွယ်ရုံရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့မွန်းလွဲပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နွယ်ရုံရွာအနီးနေ ဒေသခံတစ်ဦးထံက သိရသည်။
“ မနေ့က နွယ်ရုံကို PDF တွေ သိမ်းထားနိုင်ပြီလို့ ကြားတယ်။ အဲဒီလို ကြားပြီး သိပ်မကြာဘူး။ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ တက်လာပြီး ပစ်သွားသေးတာ။ စစ်ကူပစ်ပေးတာနဲ့ တူပါတယ်။ စခန်းသိမ်းခံရလို့။ ဒီမနက်လည်း တိုက်ပွဲကအပြင်းအထန်ပဲ။ ဘယ်ဘက်မှ အလျှော့မပေးကြသေးဘူး” ဟု ၎င်းက MPA သို့ပြောသည်။
ယနေ့ (ဇူလိုင်နှစ်ရက်) တွင်လည်း တစ်နေကုန်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှလည်း တိုက်ခိုက်နေကြောင်း သိရသည်။
“ နွယ်ရုံ ၊ ကျည်တောက်ပေါက် ၊ ချောင်းကြီးက တစ်ဆက်တည်းဆိုတော့လေ ဘယ်နေရာကို ဦးတည်ပစ်လဲမသိဘူး။ သုံးနေရာစလုံးမှာ တိုက်ပွဲဖြစ်နေတယ်။ လေကြောင်းဦးတည်တာကတော့ PDF တွေရှိနိုင်မယ်ထင်တဲ့ တောင်ကုန်းတွေပေါ် ဦးတည်တာများတယ်။ လှမ်းမြင်နေရတာကိုး။ ဂျက်ဖိုက်တာနဲ့ပစ်လိုက် ၊ ရဟတ်ယာဉ်နဲ့ပစ်လိုက်။ တစ်စင်းပြန်သွားရင် နောက်တစ်စင်းရောက်လာတယ်။ ခုလည်း ဝဲပြီးကို ပစ်နေတာ” ဟု ယနေ့ ညနေ လေးနာရီခန့်တွင် ၎င်းကပြောသည်။
မိုးကုတ် – မန္တလေးလမ်းပိုင်းတွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေသဖြင့် မိုးကုတ်မြို့မှ မန္တလေးသို့ စစ်ရှောင်ကြသည့် ပြည်သူ ၁၀၀၀ ခန့်မှာ ဇူလိုင်၁ရက်နေ့မှစ၍ လမ်း၌ ပိတ်မိ နေကြောင်းသိရသည်။
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-174800_002.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-174800_003.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-174800_004-768x1024.jpeg)