By Haythar / MPA
တိုက်ပွဲများကြောင့် မိုးကုတ်မြို့မှ မန္တလေးသို့ စစ်ဘေးရှောင်ကြသော ပြည်သူ၁၀၀၀ခန့် လမ်း၌ ပိတ်မိနေကြောင်း သိရသည်။
မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် မိုး ကုတ်မြို့မှ မန္တလေးသို့ စစ်ရှောင်သွားသည့် ပြည်သူ ၁၀၀၀ ခန့် ဇူလိုင်၁ရက်နေ့မှစ၍ လမ်း၌ ပိတ်မိ နေကြောင်းသိရသည်။
“ မိုးကုတ်ကနေ မန္တလေးသွားလမ်းမှာ ပိတ်မိနေကြတယ်။ လိပ်ကျနားမှာပိတ်မိကြတယ်။ လမ်းတစ် လျှောက်လုံးကားတွေပဲ။ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့အခြေအနေပါပဲ” ဟု မိုးကုတ် – မန္တလေးလမ်း တွင်ပိတ်မိနေသူ၏ မိသားစုဝင်တစ်ဦးက MPAသို့ပြောသည်။
ဇွန် ၂၅ရက်နေ့မှစတင်ပြီး မိုးကုတ်မြို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အတွက် မိုးကုတ်မြို့မှ ပြည်သူ ၁၀၀၀ နီးပါး မန္တလေး သို့စစ်ရှောင်သွားကြခြင်းဖြစ်ပြီး မိုးကုတ်မြို့ပေါ် ရှိ ပြည်သူအချို့မှာ မိုးကုတ်မြို့အနောက်ပိုင်းရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြကြောင်း မိုးကုတ်မြို့အရှေ့ပိုင်းနေ ပြည်သူတစ်ဦးကပြောသည်။
မိုးကုတ်- မိုးမိတ်လမ်းတွင်လည်း တိုက်ပွဲ ဖြစ်နေသည့်အတွက် လမ်းပိတ်နေသလိုအသွားအလာမရှိသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သော မိုးကုတ်-ပြင်ဦးလွင်လမ်းရှိ ဖြူရောင်ကျေးရွာဘက်၌လည်း တိုက်ပွဲ ဖြစ်နေကြောင်း မိုးကုတ်မြို့ခံတစ်ဦးထံက သိရသည်။
မိုးကုတ်မြို့အရှေ့ပိုင်းမှ မန္တလေးသို့စစ်ရှောင်သွားသည့်ကားတစ်စီးသည် ဇွန် ၃၀ရက်၊နံနက်ငါးနာရီ ဝန်းကျင်တွင် မိုးကုတ်မြို့နယ်၊ပန်းမအထက်ရွာအနီးတွင် ပစ်ခတ်ခံရကာ ပြည်သူနှစ်ဦး ဒဏ်ရာရခဲ့ပြီး ယင်းပစ်ခတ်မှုကို မည်သည့်ဘက်ကပစ်ခတ်ခဲ့ကြောင်း အတည်မပြုနိုင်သေးပေ။
ဇွန် ၃၀ရက်မှ ယနေ့နံနက်ပိုင်းအထိ မိုးကုတ်မြို့တွင်း တိုက်ပွဲများမဖြစ်ဘဲ ငြိမ်သက်နေကြောင်း သိရသည်။