By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းရှစ်ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း MDY-PDF က သတင်းထုတ်ပြန်သည်။
မတ္တရာမြိုနယ်အတွင်းရှိ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း MDY-PDF၏ ယနေ့(ဇူလိုင်နှစ်ရက်)သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ ခု သိမ်းပိုက်ရရှိတဲ့စခန်းတွေက တောင်ကြော တစ်ကြောလုံးလို့ ပြောလို့ရတယ်။ ဇွန်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းကနေ စပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ” ဟု မတ္တရာအခြေစိုက် PDF ရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိသောစစ်သုံပန်းနှင့် လက်နက်ချအညံ့ခံသူ ၆၄ဦး ရှိပြီး တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ် စုစုပေါင်း ၁၁၇ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။
“ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်ကို စသိမ်းတဲ့အချိန်မှာတော့ စကစ ဘက်က တောက်လျှောက်ထိုးစစ်ဆင်လာတာရှိတယ်။ ဒါပေမဲ့၊ ဒီရက်ပိုင်းအတွင်းမှာတော့ ရေနံ့သာဘက်ကို တပ်ပြန်ဆုတ်သွားတယ်။ လုံးဝလက်လျှော့သွားတာတော့ မဟုတ်ဘူး။ ခံစစ်ပြန်ပြင်တဲ့အနေအထားပါ” ဟု ၎င်းကဆက်လက် ပြောသည်။
မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ရန်သူ့လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ဆက်စပ်ခဲယမ်းအများအ ပြား သိမ်းဆည်းရမိခဲ့ကြောင်းလည်း MDY-PDF က ဆိုသည်။
MDY-PDF သည် ၁၀၂၇ စစ်ဆင်ရေး အပိုင်းနှစ် နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိပြီး နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကာ သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းလည်း ဆိုသည်။
မတ္တရာမြိုနယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ဒေသခံအဖွဲအစည်း မတ္တရာမျိုးမှန်တပ်ဖွဲ့သည်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိသည်။
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-121038_002-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-121038_003-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-121038_004-1024x771.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-121038_005-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-121038_006-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-121038_007-1024x768.jpeg)