ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်၊ကမြောကင်းကျေးရွာအုပ်စု၊ သောကြာပြင်ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏နေအိမ်၌ စက်တင်ဘာလ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ၎င်း ၏သမီးဖြစ်သူ သေဆုံးခဲ့ကာ ဇနီးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။
အုပ်ချုပ်ရေးမှူးဦးထွန်းမင်းသည် ထားဝယ်ခရိုင်တွင် ဒလန်အဖြစ် ထင်ရှားသူဖြစ်ခြင်းကြောင့် လုပ်ကြံခံရခြင်းဖြစ်ကြောင်းဒေသခံ၏ ပြောပြချက်အရသိရသည်။
“ မေ၂၅ရက်နေ့က ကမြောကင်းလမ်းမပေါ်က စာသင်ကျောင်းမီးလောင်မှုဖြစ်တော့သူက ရွာသားအချို့ကို ဖမ်းခိုင်းခဲ့တာမျိုးရှိတယ်။ အခြားသတင်းပေးဒလန်လုပ်ခဲ့တာတွေလည်းရှိပါတယ် ” ဟု ဒေသခံတစ်ဦးကဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် ဦးထွန်းမင်းနေအိမ်၌ ချိန်ကိုက်ဗုံးပေါက်ကွဲခဲ့သည့်အချိန်တွင် ဉီးထွန်းမင်းသည် အိမ်၌မရှိသောကြောင့် ၎င်းကိုထိခိုက်ခြင်းမရှိခဲ့သော်လည်း ၎င်း၏သမီးဖြစ်သူမှာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ဦးထွန်းမင်းအား မည်သည့်အဖွဲ့က လုပ်ကြံခဲ့သည်ကို လက်ရှိအချိန်ထိထုတ်ပြန်ခြင်းမရှိသေးပေ။ ယမန်နေ့ စက်တင်ဘာလ၂၀ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်မှ ဒလန်တစ်ဦးဖြစ်သူ ဒေါ်စန်းစန်းဝေကို Dawei Assassinations Teamက သုတ်သင်ရှင်းလင်းခဲ့သည်ဟု သိရသည်။
ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားသော ဒလန်ရှင်းလင်းမှုကိစ္စများနှင့် ပတ်သက်ပြီး ” ဒလန်ကတော့ ရှင်းတဲ့နေရာမှာ အချို့ဒလန်တွေကကျတော့ သာမန်အရပ်သားဆိုရင်တော့ နဲနဲအဆင်ပြေသေးတယ်။ ဒလန်တွေကိုယ်တိုင်က သေနတ်ကိုင်ပြီးတော့ ဟိုလူ့ခြိမ်းခြောက် ဒီလူ့ခြိမ်းခြောက်လုပ်တယ်ဆိုရင်တော့ ရှင်းရမှာပါ။ ဟု ထားဝယ်ခရိုင်မှ စစ်အာဏာရှင်ဆန့်ကျင်နေသူ လူငယ်တစ်ဦးက သူ့အမြင်ကို ပြောသည်။
ဒလန်ဟု ခေါ်ဆိုကြသော စစ်တပ်သတင်းပေးများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လုပ်ဆောင်နေကြသူများနှင့် တော်လှန်ရေးလုပ်ငန်းများတွင် ပူးပေါင်းခြင်းမရှိသကဲ့သို့ ၎င်းတို့၏ သတင်းပေးပို့မှုများကြောင့် ထိခိုက်မှုများရှိသဖြင့် ယခုကဲ့သို့ ရှင်းလင်းသုတ်သင်မှုများ ပြုလုပ်နေကြရခြင်း ဖြစ်သည်ဟု ဆိုသည်။
#ထားဝယ် #အုပ်ချုပ်ရေးမှူး #ဗုံးပေါက်ကွဲ #ထားဝယ် #MPA