ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများသည် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာများသို့ ထွက်ပြေးနေကြရသည်။
အိမ်ခြေနှစ်ထောင်ကျော်ရှိပြီး လူဉီးရေတစ်သောင်းကျော်ရှိသော ထန်တလန်မြို့မှ ပြည်သူများသည် တိုက်ပွဲများကြောင့် အိန္ဒိယနယ်စပ်နှင့် ဘေးလွတ်ရာနေရာများသို့ လူဉီးရေထောင်နှင့်ချီပြီး ထွက်ပြေးနေကြရခြင်းဖြစ်သည်။
“အရင်တည်းကလည်း ပြေးတာမျိုးရှိပါတယ်။ အခုတာ့ပိုများပါတယ်။ အကုန်လုံးထွက်ပြေးကုန်ပြီ။ ထန်တလန်မြို့ပေါ်မှာ လူတစ်သောင်းကျော်ထဲမှာ လူတစ်ရာတောင်မကျန်တော့ဘူး။ အကုန်လုံး တံခါးတွေပိတ်ပြီးတော့ နယ်စပ်သွားတဲ့သူနဲ့ လွတ်တဲ့နေရာ သွားတဲ့သူနဲ့ အကုန်မြို့ပေါ်မှာမရှိတော့ဘူး ” ဟုထန်တလန်ဒေသခံတစ်ဉီးက MPAသို့ပြောသည်။
စက်တင်ဘာလ၁၈ရက်နေ့ နေ့လယ်ပိုင်းတွင် ထန်တလန်မြို့ပေါ် အမှတ်(၁) ရပ်ကွက်၌ အကြမ်းဖက်စစ်တပ်နှင့် CDF/CNAတို့ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်ကြောင့် နေအိမ်၁၉လုံး မီးလောင်ကျွမ်းပျက်ဆီးခဲ့ရသည်။
ထို့သို့ဖြစ်ပွားပြီးနောက် ဒေသခံအများအပြားသည် စစ်ဘေးနှင့် လွတ်ကင်းရာများသို့ ထွက်ပြေးနေကြရခြင်းဖြစ်သည်။
“ မီးလောင်ဗုံးအိမ်ပေါ်ကိုကျတယ်။ မီးလောင်တယ်။ မီးသတ်ကားမရှိ။ မီးသတ်ကားလည်းမောင်းလို့မရ၊ အကုန်CDMလုပ်ထား။ မီးကကြိုက်သလိုလောင်။ ဘယ်သူမှကယ်မယ့်သူမရှိဘူး။ မိုးနည်းနည်းရွာလိုက်တော့မှတော်သေးတယ် “ ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုန််းတော်ကြီးတစ်ပါးဆုံးပါးခဲ့ရသည်။
ဘုန်းတော်ကြီးကို စက်တင်ဘာလ၁၉ရက်နေ့ နံနက်၉နာရီအချိန်တွင် ခရစ်ယာန်ထုံးစံအတိုင်း သဂြိုလ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ဩဂုတ်လ၂၅ရက်နေ့နှင့် ၂၇ရက်နေ့တို့တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် ဒေသခံတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုများ၊ ဘုရားကျောင်းသို့ လက်နက်ကြီးထိမှန်ခြင်းများ ရှိခဲ့သည်။
ထန်တလန်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ”ကျနော်တို့မင်းတပ်မှာလည်း ခံခဲ့ရပြီးပါပြီ။ကျနော်တို့က သူတို့ပိုရက်စက်လေ၊ ပိုလူမဆန်လေ ကျနော်တို့ပိုတွန်းလှန်လေ အမြစ်ဖြုတ်ချဖို့ဖြစ်လေ ဖြစ်မှာပါပဲ ”ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးက မှတ်ချက်ပြုပြောဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လုံလဲရ်ရှိ စစ်ကောင်စီ၏အခြေစိုက်စခန်းတစ်ခုကို ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်က တက်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါသိမ်းပိုက်မှုတွင် စစ်တပ်မှ လေကြောင်းပစ်ကူများ အသုံးပြုခဲ့သဖြင့် ဒေသခံအမြောက်အများ အိန္ဒိယပြည်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်ကို အာဏာသိမ်းပိုင်းပြီးနောက် အစောဆုံး လက်နက်ကိုင်တော်လှန်တိုက်ခိုက်ခဲ့သော ပြည်နယ်များစာရင်းတွင် ပါဝင်ပြီး တိုက်ပွဲများစွာ ဖြစ်ပွားသကဲ့သို့ စစ်တပ်ဘက်မှ အကျအဆုံးများစွာလည်း ရှိခဲ့သည်။
မင်းတပ်၊မတူပီ၊ထန်တလန်၊ပလက်ဝ၊ဟားခါးတို့တွင် တိုက်ပွဲများအများအပြားဖြစ်ပွားလျက်ရှိပြီး စစ်ရှောင်ရသူ အရေအတွက်လည်း တနေ့တခြား တိုးလာလျက်ရှိနေသည်။