ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာ ၇,၀၀၀ ခန့်မှာ ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာ နယ်မြေများသို့ ဝင်ရောက်ခိုလှုံလာကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေ ၈ ရက်တွင် စစ်ကောင်စီက လက်နက်ကြီးများ၊ ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ် ကကျဘတ်၊ ကကျဘတ်ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံးနားနှင့် လက်သာကျေးရွာတို့မှ ရိုဟင်ဂျာဒုက္ခသည်များ ရက္ခိုင့်တပ်တော်ထိန်းချုပ်ရာ နယ်မြေများသို့ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။
“ဘူးသီးတောင်မှာက စစ်ကောင်စီက မိုင်းခွဲတာတွေ၊ လက်နက်ကြီးပစ်တာတွေက ဆက်တိုက်ပဲ။ ရွာနားမှာလည်း နေလို့မရဘူး။ လက်နက်ကြီးကျတာတွေလည်း ရှိတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လေ။ ရွာမှာက ကျန်ခဲ့လည်း နည်းနည်းပဲ ရှိတော့မှာ” ဟု ဘူးသီးတောင်မြို့နယ်မှ တိမ်းရှောင်လာသူ တစ်ဦးက MPA ကို ပြောသည်။
လက်ရှိ ဘူးသီးတောင်မြို့နယ်အတွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီ၏ ရပစ်ခတ်မှုများနှင့် လေကြောင်းရန်ကို ကြောက်သဖြင့် ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာ နယ်မြေများအပြင် ဘူးသီးတောင်ဒေသခံများအနေဖြင့် မိမိတို့ အဆင်ပြေရာ ဒေသများသို့လည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။
“ရိုဟင်ဂျာတွေ ရှောင်ပြေးနေတဲ့အခါမှာ AA အနေနဲ့ ဝိုင်းဝန်းကူညီနေတာတွေကို တွေ့ရပါတယ်။ ဒါတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ထုတ်ပြဖို့ ဓာတ်ပုံဆရာတွေကို ခေါ်သွားတာတွေကိုလည်း တွေ့ရတယ်။ တကယ်တမ်း မြေပြင်ကနေရနေတဲ့ သတင်းတွေ၊ ကိုယ်တိုင်ကြုံတွေ့ရတဲ့သူတွေနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါတွေမှာ AA က ထုတ်ပြတာတွေနဲ့ မြေပြင်မှာ ဖြစ်နေတာတွေက တော်တော်လေးကွာခြားနေတာကို တွေ့ရတယ်” ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC)၏ ပူးတွဲတည်တောင်သူ ရိုနေဆန်းလွင်က ဆိုသည်။
ရက္ခိုင့်တပ်တော်၏ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များသည် တစ်ဝက်မှန်သည့် အနေအထားတွင်သာရှိနေကြောင်း၊ ရက္ခိုင့်တပ်တော်အနေဖြင့် ရိုဟင်ဂျာများအား ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားမှုအား ထုတ်ဖော်ပြသနေပြီး တစ်ဖက်တွင် စစ်ရာဇဝတ်မှုများကို ကျူးလွန်မှုများ ရှိနေကြောင်း၊ ရက္ခိုင့်တပ်တော်အနေဖြင့် တိုက်ပွဲကြောင့် လူထုနစ်နာမှု မရှိအောင် လုပ်ဆောင်ရမည် ဖြစ်ပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်နေခြင်းများကိုလည်း နောက်နောင် ထပ်မဖြစ်စေရန် လုပ်ဆောင်ရမှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့ ULA/AA အနေနဲ့က အပြစ်မဲ့သူတွေကို အကောင်းဆုံးကာကွယ်စောင့်ရှောက်ပေးနေတာပဲ ရှိပါတယ်။ စစ်သုံ့ပန်းတွေကိုတောင် နိုင်ငံတကာစစ်သုံ့ပန်းဥပဒေအတိုင်း ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတာပါ။ ဘယ်အပြစ်မဲ့ပြည်သူတစ်ဦးတစ်ယောက်ကိုမှ မတရားအနိုင်ကျင့်တာ သတ်ဖြတ်တာမျိုး လုံးဝ(လုံးဝ)မရှိပါဘူး”ဟု MPA မှ မေ ၁၁ ရက်က ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို တယ်လီဂရမ်မှ တစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ ဖြေကြားထားသည်။
ထို့အတူ ရက္ခိုင့်တပ်တော်အနေဖြင့် ရိုဟင်ဂျာများအား အတင်းအကျပ်စစ်မှုထမ်းရန်အတွက် ခေါ်ယူမှု ရှိနေသည်ဆိုသည့် သတင်းအချက်အလတ်များမှာ မှားယွင်းနေသလို ULA/AA ၏ မူဝါဒများအရ ကလေးသူငယ်များနှင့်အသက်မပြည့်သေးသူများကိုလည်း စစ်မှုထမ်းခိုင်းခြင်းမျိုးမရှိသလို ၎င်းတို့၏ ဆန္ဒသဘောအရ စစ်မှုထမ်းရန် ရောက်ရှိလာခဲ့လျှင်လည်း လက်ခံခြင်းမျိုးမရှိသည့်အပြင် သက်ဆိုင်ရာ မိဘများထံသို့ ပြန်လည်အပ်နှံလိုက်ခြင်းမျိုးသာရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော်အနေဖြင့် ဘူးသီးတောင်၊ မောင်တောခရိုင်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကာ စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးပစ်ကူများဖြင့်လည်း ခုခံတိုက်နေကြောင်း သိရသည်။