By MPA
ပဲခူးတိုင်း၊ အင်းတကော်မြို့နယ် လက်ပံဝန်းကျေးရွာနှင့် သာယာအေးကျေးရွာအကြား ရန်ကုန်–မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့(စက် တင်ဘာ ၁၃ ရက်)နေ့လယ်ပိုင်းက ဧရာဝတီဘဏ် (AYA)၏ ငွေသယ်ကား ဓားပြတိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ယာဥ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ပြီး စစ်ဆေးရန်တားသည့်ပုံစံမျိုးဖြင့် ဓားပြတိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ပဲခူးတိုင်း အင်းတကော်မြို့အနီးမှ အတိုက်ခံရတာ။ ဘဏ်ကို သွားတိုက်တာမဟုက်ဘူး။ ဘဏ်တစ်ခုနဲ့ တစ်ခု ငွေသယ်တဲ့ယာဉ် အတိုက်ခံရတာ။ AYA ဘဏ်ကလို့ သိရတယ်။ တိုက်တဲ့သူတွေက ယာဉ်ထိန်းရဲ အယောင် ဆောင်ပြီး တိုက်တယ်လို့ ကနဦး သိရှိထားရတယ်” ဟု တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီဝါဒဖြန့် People Media သို့ ဖြေကြားထားသည်။
အဆိုပါ ဧရာဝတီဘဏ်ကားသည် ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာချိန် ဖော်ပြပါနေ ရာတွင် ဓားပြတိုက်ခံခဲ့ရပြီး ယာဥ်ပေါ်တွင်ပါရှိ သော ငွေကျပ်သိန်းလေးသောင်းကျော် ဆုံးရှုံးခဲ့သည်ဟု သိရသော်လည်း MPAအနေဖြင့် သီး ခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
” နေ့လယ်က သာယာအေးနဲ့ လက်ပံဝန်းကြားမှာ ဘဏ်ကားဓားပြတိုက်ခံရတယ်။ မော်တော်ပီကယ်ယောင်ဆောင်ပြီး တိုက်သွားတာလို့သိရတယ်” ဟု အင်းတကော်မြို့နယ်ဒေသခံတဦးက MPAသို့ပြောသည်။
အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များမှ ရန်ကုန်–မန္တလေးလမ်းဟောင်းပေါ်တွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်သြဂုတ်လနှင့် ယခုလဆန်းပိုင်းတွင်လည်း ရန်ကုန်မြို့ရှိ ကမ္ဘ့ာရတနာဘဏ်(GTB) ၂ ခု ဓား ပြတိုက်ခံခဲ့ရပြီး ယခုထိဖမ်းဆီးရမိခြင်းမရှိသေး ကြောင်း သိရသည်။
#AYA #ဘဏ်ကား #ဓားပြတိုက်ခံရ #အင်းတကော် #MPA