မြန်မာစစ်တပ်မှ လုပ်သက်ပြည့်အပါအဝင် သေ ဆုံး၊ ကျဆုံး၊ ကိုယ်လက်အင်္ဂါမသန်စွမ်းမှုများကြောင့် နှုတ်ထွက်ခွင့်ရရှိခဲ့သဖြင့် နိုင်ငံတော်မှချီး မြှင့်ပေးသော အငြိမ်းစားလစာနှင့် ဆုကြေးငွေ (Gratuity) များအား မြန်မာ့စီးပွားရေးဘဏ်မှ တပတ်လျှင် ငါးသိန်းကျပ်သာ ထုတ်ယူ၍ရကြောင်း တပ်မတော်အသိုင်းအဝိုင်းထံမှ သိရသည်။
အသက် ၆၀ စစ်မှုထမ်းသက်အပြည့်ဖြင့် ပြီးခဲ့သည့် မတ်လမှစတင်၍ တပ်မတော်မှ အငြိမ်းစားရယူခဲ့ပြီး အငြိမ်းစားလစာနှင့် ဆုကြေးငွေ (Gratuity) ငွေကျပ် သိန်း ၁၀၀ ကျော်ရရှိခဲ့သော်လည်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်မှ တပတ်လျှင် ၅ သိန်းသာ ထုတ်ပေးကြောင်း သိရသည်။
” စရတဲ့လထဲက ခုထိ တပတ်ကို ၅သိန်းပဲ ထုတ်လို့ရတယ်။ အပတ်တိုင်း သွားထုတ်နေရတာပေါ့။ ထွက်ပြီးပြီဆိုတော့ အပြင်မှာနေဖို့ ထိုင်ဖို့မြေကွက်တွေဘာတွေ ဝယ်ဖို့ရှိသေးတယ်။ ငွေအလုံး အရင်းနဲ့ ထုတ်မရတော့ အဆင်မပြေဘူး။ အဲ့ဒီကထုတ်လို့ရမှ ဝယ်ဖို့အဆင်ပြေမှာ။ ခုက နည်း နည်းချင်းထုတ်နေရတော့ ထုတ်လိုက်သုံးလိုက်နဲ့ လုံးပါးပါးပြီး ကုန်ဖို့များနေပြီ” ဟု စစ်တပ်မှထွက် ၍ စစ်ကိုင်းတိုင်းအတွင်း အခြေချနေထိုင်သူ အ ခြားအဆင့် စစ်မှုထမ်းဟောင်း၏ မိသားစုဝင်တဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘဏ်များနှင့် စပ်လျဥ်းပြီး ကောလာဟလသတင်းများ ထွက်ပေါ်လာခဲ့၍ ပို၍ပင် စိုးရိမ်နေကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့ စစ်တပ် အသိုင်းအဝိုင်းအတွက်ပင် ပြည်စုံ လုံလောက်သည့် တရားဝင် ရရှိရမည့် အခွင့်အရေးများ မဖော်ဆောင်နိုင်ခြင်းကြောင့် ယခုနောက်ပိုင်း စစ်တပ်မှ စွန့်ခွာကြသည့် တပ်ပြေးများ ပိုမိုများလာကြောင်း စစ်တပ် မိသားစုဝင်တချို့မှ ဝေဖန်ကြသည်။
စစ်အာဏာသိမ်းပြီးနောက် ဘဏ်စနစ်များ ကောင်းစွာ မလည်ပတ်နိုင်သည့် ဘဏ်များတွင် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်လည်း ပါဝင်ပြီး စစ်သားများနှင့် အခြား ဝန် ထမ်းများသို့ နိုင်ငံတော်မှ ချီးမြှင့်ငွေများအား ယခင်ကဲ့သို့ တလုံးတခဲထဲ ထုတ်မပေးနိုင်တော့ ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး ၆ လ ကျော်ကြာ လက်ရှိ အ ချိန်ထိ မြန်မာနိုင်ငံတွင် ဗဟိုဘဏ် လက်အောက် အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ ငွေသားထုတ်ယူရခက်ခဲနေသည်။