ကယားပြည်နယ်အတွင်းရှိ လောပိတဓါတ်အားလိုင်းမှ အကြမ်းဖက်စစ်တပ်အသုံးပြုရန်သွယ်တန်းထားသော ဓါတ်အားလိုင်းနှစ်ခုကို ဖယ်ခုံPDFက ဖျက်ဆီးခဲ့ရာ အဆိုပါနေရာသို့ရှင်လင်းရေးပြုလုပ်ရန် လာရောက်သည့်စစ်သားအချို့ မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က အဲ့ဓါတ်အားလိုင်းနှစ်ခုကို ဖျက်ဆီးခဲ့ပြီးတဲ့အခါမှာ အဲ့နားတစ်ဝိုက်မှာ မိုင်းတွေထောင်ခဲ့တာ။ အဲ့ဒါကိုလာစစ်တဲ့ကောင်တွေ မိုင်းနင်းမိကြတာပေါ့။ သေတဲ့သူတွေရှိပါတယ်။ အရေအတွက်တော့သေချာမသိရဘူး” ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူတစ်ဦးက MPAသို့အတည်ပြုပြောကြားသည်။
သြဂုတ်လ၁၂ရက်နေ့တွင် စစ်တပ်က အသုံးပြုလျက်ရှိသော လောပိတအမှတ်၃စက်ရုံမှ နေပြည်တော်နှင့်မန္တလေးသို့ဆက်သွယ်ထားသော မဟာဓါတ်အားလိုင်း နှစ်ခုကို မိုင်းခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း ဖယ်ခုံပြည်သူ့့ကာကွယ်ရေး တပ်မှ သြဂုတ်လ၁၇ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဖျက်ဆီးခဲ့သောဓါတ်အားလိုင်းနှစ်ခုမှာ ဖယ်ခုံမြို့နှင့်ပင်လောင်းမြို့နယ်ကြားရှိ လွယ်ဟွဲကျေးရွာအနီးတွင် တည်ရှိသည်။
“ဒီဓါတ်အားလိုင်းတွေက ပြည်သူလူထု အသုံးပြုတဲ့ ဓါတ်အားလိုင်းမဟုတ်ဘူး အဲ့ဒါကြောင့်ဖြိုချဖျက်ဆီးခဲ့တာ” ဟု KNDFက ဆိုသည်။
အဆိုပါဓါတ်အားလိုင်းတိုက်ခိုက်ခံရပြီးချိန်တွင် ဓါတ်အားလိုင်းတစ်ဝိုက်အနီး နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ယခုအချိန်ထိမြင့်တက်လျက်ရှိနေသည်။ စစ်တပ်အနေဖြင့် အဆိုပါအနီးတစ်ဝိုက်တွင် အလုံးအရင်းဖြင့် တပ်စွဲထားလျက်ရှိသည့်အတွက် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများမှာ နေအိမ်များကိုစွန့်ခွာပြီး ဘေးလွတ်ရာများသို့ ရှောင်တိမ်းနေရသည်။
ကယားပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိနေသော တိုက်ပွဲများတွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် မြို့နယ်အလိုက်ဖွဲ့စည်းထားသော(PDF) အဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ကယားပြည်နယ်တွင် မေလတတိယအပတ်မှစပြီး အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဇွန်လနှင့်ဇူလိုင်လတွင် တိုက်ပွဲများခေတ္တငြိမ်သက်ခဲ့သော်လည်း သြဂုတ်လဆန်းတွင် စစ်တပ်၏ ပြည်သူလူထုအပေါ်ဖိနှိပ်မှုများကြောင့် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရခြင်းဖြစ်သည်။
Photo-CJ (ဓါတ်အားလိုင်းပျက်စီးနေသော မြင်ကွင်း)