ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၊ ၅၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သြဂုတ်လ ၁၇ ရက် ယနေ့ နေ့လည် ၃:၂၀ မိနစ် ဝန်းကျင်တွင် သေနတ်ဖြင့် ဝင် ရောက်ပစ်ခတ်ခြင်းခံခဲ့ရကြောင်း သတင်း ရရှိသည်။
၅၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ အမည်မသိ လူ(၄)ဦးမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရုံးအတွင်းရှိနေသည့် ရာအိမ်မှူးတဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
” ၅၇ရပ်ကွက် အုပ်ကြီးရုံးထဲဝင်ပစ်သွားတယ်။ သိပ်မကြာသေးဘူး။ ၄ ယောက်လောက်ဝင်ပစ်သွားတာ။ အုပ်ကြီးတော့ လွတ်သွားတယ်။ သူ့နောက်လိုက် ရာအိမ်မှူးတယောက်တော့ သေသွားတယ်။” ဟု အဆိုပါ ရပ်ကွက်ဒေသခံတဦးက MPAသို့ ပြောသည်။
ယင်းသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များရောက်ရှိလာခဲ့ပြီး ပိတ်ဆို့စစ်ဆေးမှု များပြုလုပ်နေကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်အတွင်း ယခုလ ၅ ရက်နေ့က လည်း ၅၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့် ၁၀ချက်ခန့် ပစ်ခတ်ခံခဲ့ရသော်လည်း လူသေ ဆုံးမှုမရှိခဲ့ကြောင်း သိရသည်။