ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အလုပ်မှုဆောင် ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝေလင်း၏နေအိမ်ကိုသြဂုတ်လ၁၃ရက်နေ့ညက ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး၅၀၅(က)အတွက် ခံဝန်ထိုးခြင်းပြုလုပ်ရန်သတိပေးခဲ့ကြောင်းသိရသည်။
“မနေ့ကညကရဲ၁၀ယောက်လောက်ပါပါမယ်။အဖေ့ကိုလာရှာတာပေါ့။အဖေကမရှိဘူး။အလုပ်ကိစ္စတစ်ခုနှင့်အပြင်ထွက်သွားတယ်။အဲ့လိုပြောတော့စခန်းမှာခံဝန်ထိုးပြီးမှအိမ်နေလို့ရမယ်။ခံဝန်လာထိုးပါလို့ပြောတယ်”ဟုဦးဝေလင်း၏သမီးဖြစ်သူက MPAသို့ပြောသည်။
ဦးဝေလင်းသည်အခြားကိစ္စများပါဝင်ဆောင်ရွက်ခြင်းမရှိသည့်အတွက်နေအိမ်၌နေထိုင်လျက်ရှိနေခြင်းဖြစ်သည်။
ယခုတစ်ကြိမ်လာရောက်ရှာဖွေခြင်းမှာစတုတ္ထအကြိမ်ဖြစ်ကြောင်းသိရသည်၊သမီးဖြစ်သူ၏ပြောပြချက်အရ ဦးဝေလင်းကို၅၀၅(က)ဖြင့်အမှုဖွင့်တရားစွဲဆိုထားခြင်းမရှိဟုသိရသည်။“ကျမတို့က ရဲတွေကိုမေးကြည့်တယ်။ဆန္ဒပြတဲ့နေရာမှာဦးဆောင်ဦးရွက်ပြုလို့လာဖမ်းတယ်လို့ပြောတယ်။၅၀၅(က)နဲ့တရားစွဲထားတာရှိလားဆိုတော့ရဲက မရှိပါဘူး”ဟုဖြေကြားခဲ့ကြောင်းသူမကဆိုသည်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့သည်ဦးဝေလင်းကိုသာလာရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီးဦးဝေလင်း၏မိသားစုဝင်များကိုဖမ်းဆီးခြင်းခြိမ်းခြောက်ခြင်းများမပြုလုပ်ခဲ့ပေ။”ညီမတို့ကိုတော့ဦးဝေလင်းရှိလားပဲမေးပါတယ်။ခြိမ်းခြောက်တာတွေဘာတွေမရှိဘူး။သူတို့က အဖေဒီမှာနေတယ်ဆိုပြီးလာရှာတာပေါ့။သူတို့လာရှာတိုင်းအဖေကအိမ်မှာမရှိဘူး” ဟုဦးဝေလင်း၏သမီးဖြစ်သူကပြောပြသည်။
အကြမ်းဖက်စစ်တပ်သည်အာဏာသိမ်းမှုကျူးလွန်ပြီးချိန်မှစ၍အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများ၊အဖွဲ့ဝင်များနှင့် ပါတီထောက်ခံသူများကိုပုဒ်မအမျိုးမျိုးတပ်ပြီးဖမ်းဆီးလျက်ရှိသည်ကိုတွေ့ရသည်။နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ သြဂုတ်လ၁၃ရက်နေ့အထိထုတ်ပြန်ချက်များအရစစ်တပ်၏မတရားဖမ်းဆီးခြင်းခံရသူ၅၅၀၀ကျော်ရှိနေပြီး သေဆုံးသူ၉၆၀ကျော်ရှိပြီဖြစ်သည်။