ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာတွင် ၈၈၈၈ (၃၃)နှစ်ပြည့်အမှတ်တရအနေဖြင့်ပြုလုပ်မည့်သပိတ်စစ်ကြောင်းမစတင်မီတွင်စစ်တပ်ကရောက်ရှိလာပြီး လူငယ်များရှိရာ ကားများအတွင်းသေနတ်ဖြင့်ထိုးချိန်ပြီးဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
“ဖမ်းဆီးခံခဲ့ရတာဟုတ်ပါတယ်။ စုစုပေါင်း၁၁ယောက်ပါ ကျားမအတိအကျတော့ အခုထိမသိရသေးပါဘူး”ဟု Young Myanmar Ranger(YMR) မှတာဝန်ရှိသူတစ်ဦးက MPAသို့ အတည်ပြုပြောကြားသည်။
၈၈၈၈ သွေးကြွေးဆပ်ဖို့၂၁ ခေါင်းစဥ်ဖြင့် သပိတ်စစ်ကြောင်း ထွက်ရန် မြောက်ဥက္ကလာ ဝဇီရာ နားတွင်ကားများပေါ်ထိုင်ပြီးစောင့်ဆိုင်းနေကြစဥ် အနီးနားရှိအိမ်များမှ စစ်သားများထွက်လာပြီးကားအတွင်းရှိလူငယ်များကို သေနတ်ဖြင့်ထောက်ကာဖမ်းဆီးသွားခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော့်အထင်တော့လေ။ကျွန်တော်တို့က ဒီနေ့တစ်ဖွဲ့တည်းထွက်ဖို့စီစဥ်ထားတာမဟုတ်ဘူး။ တခြားလာဆက်သွယ်တဲ့ လူငယ်အဖွဲ့တွေနဲ့ထွက်ကြဖို့ စီစဉ်ထားကြတာ။ ပြောရရင်အဖွဲ့များတော့လူအများကြီးအဆက်အသွယ်လုပ်ကြရတာမျိုးရှိတယ်။အဲ့မှာတစ်နေရာရာက လုံခြုံရေးစည်းပေါက်တာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်” ဟု YMRမှတာဝန်ရှိသူကဆိုသည်။
YMRအဖွဲ့အနေဖြင့်လူငယ်များဖြင့်ပါဝင်ဖွဲ့စည်းထားပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ရန်ကုန်မြို့အတွင်း ဆန္ဒပြသပိတ်မှောက်ခြင်းများကိုဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။
လက်ရှိအချိန်တွင်မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုကျူးလွန်ထားသည်မှာ ခြောက်လကျော်လာပြီဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှသြဂုတ်လ၇ရက်နေ့အထိထုတ်ပြန်ချက်များအရအပြစ်မဲ့အရပ်သား ၉၆၀ ကျော်ကိုသတ်ဖြတ်ထားပြီး၅၅၀၀ကျော်ကိုအကြောင်းမဲ့ဖမ်းဆီးထားသည်။