By MPA
အာဏာသိမ်းစစ်တပ်၏ကျောထောက်နောက်ခံအပြည့်အဝရှိသော ပျူစောထီးအဖွဲ့တစ်ခုဖြစ်သည့်ပျူစောထီး(ပဲခူး)ကCDMဝန်ထမ်းများကိုပစ်မှတ်ထားလက်တုံ့ပြန်မည်ဖြစ်ကြောင်းခြိမ်းခြောက်ထားသည့်စာတစောင်သည်ဇူလိုင်လ၇ရက်နေ့ရက်စွဲဖြင့်ထွက်ပေါ်လာခဲ့သည်။
ပျူစောထီးအဖွဲ့၏ထုတ်ပြန်ချက်တွင်စစ်တပ်ကိုဆန့်ကျင်သည့်ပဲခူးမြို့ရှိNLDအမာခံများစီးပွားရေးသမားများကဗျာဆရာများအပါအဝင်၃၃ဦးကိုပဲခူးမြို့နယ်အတွင်းအကြမ်းဖက်လုပ်ငန်းများပေါ်ပေါက်လာပါကအဆိုပါ၃၃ဦးအပြင်CDMဝန်ထမ်းများကိုပါလက်တုံ့ပြန်သွားမည်ဖြစ်ကြောင်းခြိမ်းခြောက်ထားသည်ကိုတွေ့ရသည်။
ပျူစောထီးအဖွဲ့၏ခြိမ်းခြောက်ထားသည့်အထဲတွင်ကဗျာဆရာတစ်ဦးဖြစ်သည့်ဆရာခရမ်းပြာထက်လူလည်းပါဝင်သည်။ပျူစောထီးအဖွဲ့၏ခြိမ်းခြောက်ခံရခြင်းနှင့်ပက်သက်ပြီ”သတင်းတော့ကြားပြီးပါပြီလက်ရှိအချိန်ထိတော့အရင်တိုင်းပါပဲ။ဘာမှထူးထူးခြားလာစုံစမ်းတာတို့ဘာတို့မတွေ့ရသေးပါဘူး”ဟုဆရာခရမ်းပြာထက်လူဇနီးကပြောသည်။
ပျူစောထီးအဖွဲ့သည် စစ်အာဏာသိမ်းပြီး သုံးလအကြာ မေလဆန်းပိုင်းတွင်စစ်တပ်ကျောထောက်နောက်ခံဖြင့် ပေါ်ပေါက်လာပြီး၎င်းအဖွဲ့တွင် စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့ပါဝင်နေသည်။ထို့အဖွဲ့သည်ဇူလိုင်လအစပိုင်းမှစတင်ပြီးလှုပ်ရှားမှုများစတင်ပြုလုပ်လာသည်ကိုတွေ့ရပြီးမြင်းခြံနှင့်တောင်ဒဂုံမြို့နယ်တို့တွင်လူသတ်မှုများကျူးလွန်ခဲ့ပြီးဖြစ်သည်။
ပျူစောထီးအဖွဲ့သည်သာမန်အရပ်ထဲမှလူများသာပါဝင်သည်မဟုတ်ပဲစစ်သားများပါပါဝင်ကြောင်းသိရသည်။ မြင်းခြံကျောင်းဆရာလင်မယားသတ်ခံရမှုတွင်စစ်သားများပါဝင်ခဲ့ကြောင်းခိုင်မာသည့်သတင်းရင်းမြစ်တစ်ခုကဇူလိုင်၃ရက်တွင်MPAသို့ပြောဆိုခဲ့သည်။ ပျူစောထီးအဖွဲ့သည်အုပ်ချုပ်ရေးယန္တရားများသို့ပါစိမ့်ဝင်နေကြောင်းသိရသည်။
“တချို့ရပ်ကျေးကောင်တွေဆိုပျူစောထီးအဖွဲ့ဝင်တွေပါတယ်။ဥပမာတောင်ဒဂုံထဲကရပ်ကွက်တစ်ခုကအုပ်ကြီးဆိုရင်ပျူစောထီးခေါင်းဆောင်စစ်စစ်ပဲ။သတင်းအချက်အလက်အရရောလှုပ်ရှားနေတဲ့ပြည်သူတွေအတွက်ရောဒီကောင်တွေကအန္တရယ်ရှိတယ်” သတင်းရင်းမြစ်တစ်ခုကဆိုသည်။
ဇူလိုင်လ၇ရက်နေ့ညကဖြစ်ပွားခဲ့သည့်တနင်္သာရီတိုင်းထားဝယ်မြို့နယ်ရှိတိုက်ပွဲတစ်ခုတွင်ပျူစောထီးအဖွဲ့ဝင်များပါဝင်ကြောင်းတိုက်ပွဲသတင်းမျာမှတဆင့်သိရှိရသည်။နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်းပျူစောထီးသည်နာမည်ခံတစ်ခုသာဖြစ်နိုင်ပြီးစစ်တပ်မှ၎င်းတို့နာမည်မခံချင်သောကိစ္စများတွင်အဆိုပါနာမည်ကိုသုံးတာမျိုးဖြစ်နိုင်ကြောင်းဆိုကြသည်။
“ပျူစောထီးဆိုတဲ့ဒီကောင်တွေခေါင်းထောင်ပြီးဇောင်းကြွလာတာဟာလူမညီလို့လဲပါမယ်ထင်ပါတယ်။အမှန်ဆိုလူတွေအနေနဲ့ကိုယ့်နေရာနဲ့အိမ်နားဝန်းကျင်တော့တာဝန်ယူပြီးစူးစမ်းနေသင့်တယ်။နောက်တစ်ခုကသူတို့နောက်မှာစစ်တပ်ကအခိုင်အမာရှိနေလို့အခုလိုရဲတင်းလာတာပါ”မြေအောက်တော်လှန်ရေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကဆိုသည်။
ပျူစောထီးဆိုသည်မှာမြန်မာရာဇဝင်ထဲမှနာမည်တစ်ခုဖြစ်ပြီးလက်ရှိအချိန်တွင်စစ်တပ်ကျောထောက်နောက်ခံဖြင့်ပြည်သူလူထုကိုခြိမ်းခြောက်ခြင်းသတ်ဖြတ်ခြင်းများမကြာခဏပြုလုပ်လျက်ရှိသည့်အဖွဲ့တစ်ခုဖြစ်သည်။
လက်ရှိအချိန်တွင်စစ်တပ်မှအာဏာသိမ်းမျုကျူးလွန်ပြီးနောက်ပိုင်းစစ်တပ်၏လက်ချက်ကြောင့်အပြစ်မဲ့ပြည်သူ၈၉၀ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။
#ပျူစောထီး #CDM #MPA #ပဲခူး